Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေး

တောင်ငူ မေ ၂၃

===================

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနှင့်အတူ မေလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေစပါးစိုက်ဧက ပိုမိုစိုက်ပျိုး နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာရှိ ကောင်းမှုတော်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် စေတီတော်ဘက်စုံပြုပြင်မွန်းမံနိုင်ရေး အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ဇေယျမင်္ဂလာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး သင်္ကန်းအစရှိသော လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ စက်ချုပ်သင်တန်းအတွက် အဝတ်ပိတ်စကိုက်(၁၅၀)နှင့် ဆရာ/ဆရာမများအတွက် သီးခြားငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အုတ်တံတိုင်းခြံစည်းရိုး ကာရံနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်ခပေါင်းခန်းမ ပြန်လည်အဆင့်မြှင့်တင်နေမှုနှင့် တောင်ငူမြို့ မိုးလုံလေလုံဘက်စုံအားကစားခန်းမ(၉၀)ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံးပြီးစီးစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ အစိုးရနည်းပညာအထက် တန်းကျောင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်းသံဂဟေဆက်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျေးလက်ဒေသများတွင်လည်း ဒေသနှင့်ကိုက်ညီသော အသေးစား စက်မှု/လက်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး သင်တန်းများအရှိန်အဟုန်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များ ရှိပါက အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြား နေမှုအား ကြည့်ရှုခဲ့ပြီး တက္ကသိုလ်စာကြည့်တိုက်သို့ သွားရောက်၍ လိုအပ်သော သင်ကြားရေးအထောက်အကူပြု စာအုပ်စာတမ်းများ ဝယ်ယူနိုင်ရေး ငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိခဲ့ပြီး မြတ်ပညာခန်းမ၌ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဖွင့်ရာသီအတွင်း နေ့လည်စာ ထမင်းစရိတ်အဖြစ် ကျပ်သိန်း(၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ပညာရေးဒီဂရီ ကောလိပ်ဝန်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်နေသော ဆိုလာစနစ် ရေတင်စက်အား ရေထွက် ကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး(အမြန်လမ်းမကြီး) မိုင်တိုင်(၄၆)ရှိ ဝါးကတုတ်ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ပြီး ကျွန်း၊ ပိတောက်၊ မန်ဂျန်ရှားနှင့် အခြားအရိပ်ရ သစ်ပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အတွက်သာမက အများပြည်သူများ သစ်ပင်စိုက်ပျိုးလိုပါက ချက်ခြင်း ဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် အဓိကအားဖြင့် ကျေးရွာများကွင်းဆင်းရာတွင် သစ်ပင်စိုက်ပျိုးသည့် အလေ့အထများ ဖြစ်လာစေရေး အသိပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။