Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကမ်းပြိုကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကမ်းပြိုကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း ဇွန် ၁၈
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်အတူ ဇွန်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်အတွင်း ကမ်းပြိုကကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျွဲရဲကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၅၀)ဖြင့် ဆောင်ရွက်လျက်ရှိသော ဘူးရိုးချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျွဲရဲကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာမများနှင့် ကျေးလက် ကျန်းမာရေးဝန်ထမ်းတို့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာ အုပ်စု၊ ဧရာဝတီမြစ်ကမ်းဘေး မြေနုကျွန်းပေါ်၌ မိုးနေကြာမျိုးစေ့ထုတ် သီးသန့်စိုက်ခင်း (၂၄)ဧကနှင့် မြောင်ရှည်ကျေးရွာ တောင်သူဦးစောမြင့်၏ မိုးနှမ်း(၉)ဧက အောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကြည့်ရှု အားပေးခဲ့ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရာသီအလိုက် ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ ရရှိရေး၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်နံဝင်းဆည်မှ ရေပိုရေလျှံများ လေလွင့်ဆုံးရှုံးမှုမရှိရေးနှင့် ၂၀၂၂-၂၀၂၃ နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး CL-13(A-1) ရေပေးမြောင်း အရှည်ပေ(၂၀၀၀) ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအတွက် အလွန် အကျိုးရှိပြီး နွေးစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အမှန်တကယ်လိုအပ်သော ရေပေးမြောင်းဖြစ်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးနေမှုနှင့် သရက်ပင်၊ သံပုရာပင် ကိုင်းကူးကိုင်းဆက် ပြုလုပ်နည်းနှင့် အိမ်သုံးဆပ်ပြာရည် လက်တွေ့သရုပ်ပြသပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အလိုက် တစ်လလျှင် (၁၀)ရွာ ဌာနပေါင်းစုံအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်ကျေးရွာ အုပ်စု၌ (၁)နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး တို်ငးဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ထားသည့် Drum Seeder နှင့် GW-11 အထွက်တိုးစပါးမျိုး အစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး (၁)နှစ်(၃)သီး စိုက်ပျိုးရာတွင် ရက်တိုပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးများအား စနစ်တကျရွေးချယ် မှန်ကန်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံတောင်သူများအတွက် ဓါတ်မြေဩဇာ (၁၀)အိတ် ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဒေသကြက်မွေးမြူနိုင်ရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု တောင်သူ ဦးဇော်လွင်ဦး၏ ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၅)ဧက၊ တောင်သူ ဦးတင်ဇော်မျိုး၏ မိုးမြေပဲ (၇)ဧကနှင့် တောင်သူ ဦးဟန်အေး၏ မိုးနှမ်း(၇)ဧက အောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေးခဲ့ ပြီး နေကြာသီးညှပ်စိုက်ပျိုးရာတွင် အမှန်တကယ် ဖြစ်ထွန်းနိုင်သည့် မြေနေရာရွေးချယ်စိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။