Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇွန် ၂၁

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်) သိုလှောင်ရုံ(၁)ဝန်း ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက  ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုနိုင်ရေး  အဆောက် အဦများ လျာထားဆောင်ရွက်မှု အခြေအနေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများအတွက် မြေနေရာလျာထားမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးနှင့် လုံခြုံရေးများ ကြိုတင်စီမံ ဆောင်ရွက်ထားရန် လမ်းညွှန် မှာကြားခဲ့ပြီးနောက် ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုမည့် အဆောက်အဦများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ကြခတ်ဝါးရုံကျေးရွာ၌ မိုးစပါးစုပေါင်းထွန်းယက်ပွဲနှင့် ဇီးကုန်းမြို့၊ ကန္တလီကျေးရွာ မိုးစပါးအစေ့ချ စိုက်ပျိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဆည်ရေသောက်ဧရိယာအတွင်းဖြစ်ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးရမည်ဖြစ်၍ သက်တမ်းတိုသည့် စပါးမျိုးနှင့် တောင်သူတွက်ချေကိုက် မတ်ပဲ(ရေဆင်း-၇)တို့အား စိုက်ပျိုးရန် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသကြက်မွေးမြူနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြိုပင်ကောက်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး မိခင်ကွယ်လွန်၍ ကျန်ရှိခဲ့သည့် ရက်သားကလေး(၃)မွှာပူးနှင့် ကလေးဖခင်အား သွားရောက်တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။