Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်

ပဲခူး ဇွန် ၂၆

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၅) ရက်နေ့၊ မွန်းလွဲပိုင်းက တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေး မြေဩဇာထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြု လုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီလည်း ဖြစ်ကြောင်း၊ ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးတွင် လိုအပ်သောသွင်းအားစုများ ဈေးနှုန်းသက်သာပြီး လွယ်ကူစွာ ဝယ်ယူအသုံးပြု နိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ တောင်သူလယ် သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော မြေဩဇာများ လွယ်ကူသက်သာစွာ ဝယ်ယူရရှိနိုင်ရေး တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာ သုံးစွဲခြင်းနှင့်ပတ်သက်၍ ယဉ်ပါးစေရန်လည်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် CPP Myat Min Co., Ltd ၊ Royal Greensmart Co., Ltd နှင့် Myanmar Agro Eagle Co., Ltd တို့မှ တာဝန်ရှိသူများက လက်ရှိမြေဩဇာစက်ရုံများ လည်ပတ်နေမှု၊ ထုတ်လုပ်နေမှုနှင့် သီးခြားလိုအပ်ချက်များ တင်ပြခဲ့ကြရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ပြည်ပမှတင်သွင်းရသော ဓါတ်မြေဩဇာသုံးစွဲခြင်းထက် ဈေးနှုန်းသက်သာပြီး ပြည်တွင်းမှထုတ်လုပ်သည့် အော်ဂဲနစ်မြေဩဇာ သုံးစွဲခြင်းဖြင့် တစ်ဧကအထွက်နှုန်းမလျော့ဘဲ စားသုံးသူများ အတွက် အန္တရာယ်ကင်းသော စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် အော်ဂဲနစ်မြေဩဇာများအား စိုက်ပျိုးသည့်သီးနှံများအလိုက် ရွေးချယ်သုံးစွဲနိုင်ရေး သက်ဆိုင်ရာဌာနများမှ စိစစ်ဆောင်ရွက်၍ အသိပညာပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်များတွင် အော်ဂဲနစ်မြေဩဇာများ အသုံးပြု၍ ကျေးရွာအဆင့်ထိ စံပြစိုက်ခင်းများ စိုက်ပျိုးပြသသွားရန်နှင့် သဘာဝမြေဩဇာသုံးစွဲခြင်း၏ အကျိုးကျေးဇူးများအပြင် ဓာတုကင်းလွတ်သီးနှံများအတွက် ခိုင်မာသော ဈေးကွက်တစ်ခု ဖန်တီးပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။