Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သန့်ရှင်းပြီး စိမ်းလန်းစိုပြေသော မြို့ပြရပ်ဝန်းတစ်ခု ဖြစ်ပေါ် လာစေရေး စီစဉ်ဆောင်ရွက်လျက်ရှိ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သန့်ရှင်းပြီး စိမ်းလန်းစိုပြေသော မြို့ပြရပ်ဝန်းတစ်ခု ဖြစ်ပေါ် လာစေရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး ဇူလိုင် ၅

==================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အား Clean City & Green City အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ ဖြစ်ပေါ်လာစေရေး ၂၀၂၀-၂၀၂၁ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ကျပ်(၆၃၇၅)သန်း ကျော် အကုန်အကျခံ၍ မြို့ပြဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ လမ်း/ပလပ်ဖောင်း၊တံတား/ရေမြောင်း ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုပိုင်းဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ မြို့ပြတစ်ခု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ရေရှည်တည်တံ့ခိုင်မြဲစေရေန် ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း ကြရန်လိုအပ် ကြောင်း၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်နည်းပါးစေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ကျေးလက် မီးလင်းရေး ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ရေရရှိရေးနှင့် (၁)မြို့နယ် တစ်လလျှင် ကျေးရွာ(၁၀)ရွာနှုန်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေသလို တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေးတို့ကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအနေဖြင့် မိမိတို့၏ ရပ်ရွာများ တည်ငြိမ်အေးချမ်းကာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး အများပြည်သူ နေချင်ဖွယ်နေရာတစ်ခုအဖြစ် ဖန်တီးပေးနိုင်ရေး မိမိတို့အစိုးရအဖွဲ့နှင့် အတူ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ တရားဝင်ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးနိုင်သည့် မြေနေရာများ အခြားနည်းအသုံးပြုခြင်းမရှိစေရေး၊ ပဲခူးမြို့ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့မှုများ၊ လျှပ်စစ်မီးလင်းရေး၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ကောက်ခံခြင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ သိရှိလိုက်နာ ဆောင်ရွက်သွားရမည့် ဥပဒေ၊ နည်းဥပဒေများအား ကဏ္ဍအလိုက် အသိပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အတွက် ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကျပ်သိန်း(၃၀၀)နှင့် ကလိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကျပ်သိန်း(၃၀၀)ကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များက Cash For Work စီမံကိန်းအတွက် စိုင်တီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကျပ်သိန်း(၁၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကျေးရွာအုပ်စု(၁၂)ခုတို့မှ အုပ်ချုပ်ရေးမှူး များအား ကျပ်သိန်း(၁၀၀)စီ အသီးသီးပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၁၀၆)ခုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။