Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၃၁

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဘုရားဈေးသို့ ရောက်ရှိခဲ့ရာ ဈေးရုံများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး မြေပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဈေးအတွင်း ရေဝင်ရောက်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ယာယီဈေးဆိုင်ခန်း နေရာချထားပေးနိုင်ရေး၊ ဈေးအတွင်း ကွန်ကရစ်လမ်းများခင်းရန်၊ ဈေးပတ်လမ်း ကျူးကျော်မှုမရှိစေရေးနှင့် ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗဟိုကုန်စိမ်းသားငါးဈေးသို့ ရောက်ရှိခဲ့ပြီး ကားအဝင်/အထွက်လမ်းများ ကောင်းမွန်စေရေး၊ ဈေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်သိမ်းစနစ် ကောင်းမွန်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ လိပ်ပြာကန် ပြန်လည်အဆင့် မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူ အပန်းဖြေနိုင်ရေး အရိပ်ရသစ်ပင်များ စနစ်တကျ စိုက်ပျိုးသွား ရန်နှင့် ရေရှည်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်တွင်းကုန်းအဝင်လမ်းဘေးတစ်လျှောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောက်တွင်းကုန်လမ်းသည် အမြန်လမ်းနှင့်ချိတ်ဆက်မည့် လမ်းမကြီးဖြစ်ပြီး လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်၍ လမ်းဘေးဝဲ/ယာ ကျူးကျော်မှုမရှိ စေရေး၊ ဟံသာဝတီရှေးဟောင်းကျုံးနှင့် ဆက်စပ်နေ၍ ကျုံးဘေးတစ်လျှောက် အစဉ်အမြဲ သန့်ရှင်းသပ်ရပ် စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။