Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သနပ်ပင် စက်တင်ဘာ ၁၈

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင် မြို့တွင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက တံတားတည်ဆောက်ရေးဆိုင်ရာ အချက် အလက်များအား တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၎င်းတံတား သည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် တံတား တစ်ခုဖြစ်၍ စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

           အဆိုပါတံတားသည် အရှည်(၂၄၀)ပေ၊ အကျယ်(၄၀)ပေရှိ စစ်တောင်းတူးမြောင်းအား ဖြတ်သန်းတည်ဆောက်နေသည့် သံကူကွန်ကရစ် တံတား(၁)စင်းဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ မင်းရွာလျှပ်စစ်မြစ်ရေတင်စနစ်အား ဆိုလာရေတင်စနစ်ဖြင့် ပြောင်းလဲတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီ သည့် စက်ပစ္စည်းများ ရွေးချယ်သုံးစွဲရန်နှင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာ ဆိုလာစနစ် နွေးစပါးရေပေးဝေရေး မြစ်ရေတင်လုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက စိုက်ပျိုးရေးအတွက် ရေပေးဝေနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစနစ်ကို အသုံးပြုရခြင်းသည် ရေရှည်အတွက် အကျိုးရှိ သည့် လုပ်ငန်းတစ်ခုဖြစ်၍ ကျန်ရှိသော လျှပ်စစ်မြစ်ရေတင်စီမံကိန်းများအား ဆိုလာစနစ် ပြောင်းလဲဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စက်များ ကြံ့ခိုင်မှုရှိရေး စစ်ဆေးဆောင်ရွက်ရန်၊ ဒေသအတွင်း နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်(၃)သီးစိုက်ဧကများ တိုးတက်စေရေး စည်းရုံးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဆိုလာရေတင်စနစ် လည်ပတ် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် သနပ်ပင်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊  ကွင်းအမှတ် (၈၃၇)ကွင်းအတွင်း နွေစပါး(၃၀၀)ဧက ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး တွက်ချက်တင်ပြပေးရန်နှင့် သနပ်ပင်-မင်းရွာ ကျေးလက်ဂဝံလမ်း ပျက်စီးနေမှုအား တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။