Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် စက်တင်ဘာ ၂၇

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သော လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး သင်တန်းတက်ရောက်နေသည့် ဆရာ/ ဆရာမများ အတွက် စားစရိတ် ကျပ်သိန်း(၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံသို့ သွားရောက်ခဲ့ပြီး (၉.၈)မဂ္ဂါဝပ် ထွက်ရှိသော သဘာဝဓါတ်ငွေ့သုံး  လျှပ်စစ် ဓါတ်အားပေး Engine (၄)လုံး ထပ်မံတပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရွှေတောင်မြို့နယ်၊ ရွှေတောင်-ရွှေနတ်တောင်လမ်း၌ ပျက်စီးနေသည့် လမ်းအရှည် (၁)မိုင်(၄) ဖာလုံ ကတ္တရာထပ်ပိုးလွှာ ခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကတ္တရာလမ်းပေါ် ရေတင်ခြင်း၊ ရေကျော်ခြင်းမရှိစေရေးနှင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

       ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ကုန်း-မဟာသိုက်ကုန်း ကျေးလက် ကုန်ထုတ်လမ်း (၁)မိုင် (၄.၁၂)ဖာလုံ မြေနီလမ်းခင်းနေမှုနှင့် သံကူကွန်ကရစ် တံတားတည်ဆောက် နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသနှင့်ကိုက်ညီပြီး သက်တမ်းတို အထွက်စပါး စိုက်ပျိုးနိုင်ရေး၊ (၂)သီး (၃)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာ၊ မျိုးစပါးရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးတို့အား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ရေချဉ်တောင်မှ ရေမြောင်းစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ကြို့ကုန်းကျေးရွာအတွင်း ဆိုလာစနစ်ဖြင့် ရေပေးဝေရေး ဆောင်ရွက်မှုအခြေအနေ တို့အား ကြည်ရှုစစ်ဆေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ဂန္ဓမာစက်မှုဇုန်သို့ သွားရောက်၍ စက်မှုဇုန်အတွင်း ကျူးကျော်မရှိစေရေးနှင့် မြေလပ်မရှိ စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ပညာသင်ကြားနေသော သင်တန်းသား/သူများနှင့် သွားရောက်တွေ့ဆုံ အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလအတွင်း စားစရိတ် အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေကျပ်(၂၁၅၀၀၀ဝိ)နှင့် သီးခြား ထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းသား/သူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပြီး ကျောင်းဆောင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဝင်္ဂဘာတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကိုဗစ်ရောဂါ(၁၉)ရောဂါ ကာကွယ်ဆေး ဒုတိယအကြမ် ထပ်ဆောင်း Booster ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကာ ဝင်္ဂဘာတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် ဇောတိကာရုံ ကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်တို့အား သွားရောက် ကြည်ညိုဖူးမြော် ကန့်တော့ခဲ့ကာ နဝကမ္မအလှူတော်ငွေများ ဆက်လက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။