Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ အောက်တိုဘာ ၃၀
=========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ(၃၀) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု ရှိ ဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ခင်း မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည့် သုံးဆယ် ဆည်ရေသောက်၊ လက်တံမြောင်းမကြီး၊ ရေပေးမြောင်းလက်တံ(၁)နှင့် ဦးသန်းရေတံခါး ရေသွယ်မြောင်း သဲနှုန်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်၍ ဒေသခံတောင်သူများအတွက် အကျိုးရှိသောလုပ်ငန်းဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကညင်ပင်ကျေးရွာ မြောက်ဘက် ကုန်ထုတ်လမ်း အရှည်(၃၈၅၀)ပေ တည်ဆောက်နေမှုလုပ်ငန်းခွင့်သို့ ရောက်ရှိခဲ့ပြီး လမ်းဘေးရေမြောင်းနှင့် လမ်းသားများ အမာခံရရှိရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်း၍ ဒေသကြက် ကောင်ရေ(၁၀၀၀)မွေးမြူထားရှိမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် တိရစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ရေကင်းတိုက်နယ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံတက်လူနာများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ပြီး လူနာများအား အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ပြီးနောက် ရေကင်းတိုက်နယ်ဆေးရုံအသစ်အတွက် ထရန်စဖော်မာနှင့် ဆေးရုံ အဝင်လမ်း ကွန်ကရစ်ခင်းနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လက်ပံတန်း-မိုးညို- နတ်တလင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ခံမြေအမာခံရရှိ ရေးနှင့် ကျန်ရှိသည့် လမ်းပိုင်းများအား ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းတွက်လျက်တင်ပြရန် လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ နွယ်ဂွေကျေးရွာရှိ ဥစားဘဲ ကောင်ရေ(၂၀၀၀) အောင်မြင်စွာမွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ထွက်ရှိလာသည့် ဘဲဥများအား တန်ဖိုးမြှင့်စားသုံးကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။