Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ အရင်းမပျောက်မတည်ငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)ထောက်ပံ့ပေးအပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ အရင်းမပျောက်မတည်ငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)ထောက်ပံ့ပေးအပ်

ပဲခူး ဒီဇင်ဘာ ၇

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့နယ်၊ရွာသစ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင် မှထွက်ရှိသောပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကဏ္ဍကျဉ်းမြောင်းစေရေး အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်ပူးပေါင်း၍ ပြည်သူ များ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဒေသထွက်ကုန် များအပေါ်အခြေခံပြီး ယခုလို အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/ သင်တန်းသားအနေဖြင့် ဒေသထွက်ကုန်ဖြစ်သော ငှက်ပျောပင်မှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများနှင့် တန်ဘိုးမြှင့်ထုတ်ကုန်ပစ္စည်း ရရှိအောင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် မြစိမ်းရောင်စီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငှက်ပျောပင်မှထွက်ရှိသည့်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းသင်တန်း လက်တွေ့သင်ကြားနေမှု၊ ငှက်ပျောပင်၊ ငှက်ပျောရွက်၊ အင်ရွက်၊ စလူရွက်နှင့် ကွမ်းပင်အဖတ်များဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ထားရှိမှုနှင့် အခြေခံစက်ချုပ် သင်တန်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်၊

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စု၌ ဆောင်းပဲတီစိမ်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံကာ နိုင်ငံတော်အစိုးရမှ ဆောင်းပဲတီစိမ်းနှင့် နွေစပါးစိုက်တောင်သူများအား လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေစပါးစိုက်ပျိုးရေရရှိရေးအတွက် ဇောင်းတူရေပေးမြောင်း DY-1 နှင့် ဇောင်းတူမြောင်းမကြီး သဲနုန်းတူးဖော်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လယ်မြေများအတွက် လိုအပ် သည့် စိုက်ပျိုးရေများအား ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးရန်နှင့် အစေ့ချစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။