Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ဇီးကုန်း ဇန်နဝါရီ ၁၄
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၁၄) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးရန်ပုံငွေကျပ်(၄၃၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဂွေးပင်ကုန်း ရေတံခါးအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် (၂)သီးမှ (၃)သီး ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ်၊ ရွှေကြို့ပင်ကျေးရွာ အုပ်စုရှိ စနစ်တကျလယ်ယာမြေ ဖော်ထုတ်ပြီးစီးခဲ့သည့် မြေဧရိယာ(၁၃၂)ဧကပေါ်၌ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် နွေစပါး(ရတနာတိုး) အစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူစိတ်ကြိုက် သွင်းအားစုများ အချိန်မီရရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဇီးကုန်း-သင်ကန်း-ရွှေဇလား-ဘော်ဘင်လမ်း (၁.၅)မိုင် ကွန်ကရစ်ခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးများသည့်ဒေသဖြစ်၍ အောက်ခံမြေသား အမာခံရရှိအောင် ဆောင်ရွက် ရန်နှင့် လမ်းဘေးဝဲယာမြေသားတာဘောင်များ ခိုင်မာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာအုပ်စုအနီး တောင်ညိုဆည် BDY-3 Level Crossing မှ ရန်ကုန်-ပြည် ကားလမ်းတစ်လျှောက် ရေလမ်းကြောင်း ရှင်းခြင်း၊ ရေလျှံထိန်းတာဘောင်ပြုလုပ်ခြင်းနှင့် ရိုးမြောင်းဖြတ်ရေထိန်းတံခါးငယ်ပြုလုပ်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုနေရာသည် စိုက်ပျိုးရေးအတွက် အရေးပါလာမည့် နေရာဒေသတစ်ခုဖြစ်ပြီး ဒေသခံတောင်သူများနှင့်ညှိနှိုင်း၍ စနစ်တကျ လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းဆေးရုံ၊ တိုးချဲ့(၂)ထပ်ဆောင် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်နှင့် သံဃာတော်များအတွက် သီးသန့်အဆောင်များ လျာထားဆောင်ရွက် ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းခွင့်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စုအတွင်း ကုန်ထုတ်လမ်း ဖောက် လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လယ်မြေအတွင်း တည်ဆောက်ရခြင်းဖြစ်၍ အောက်ခံမြေသား အမာခံ ရရှိရေးနှင့် လမ်းမြေသားများ ဘေးသို့ပြိုကျမှုမရှိစေရေး တာဝန်ရှိသူ(QC)အဆင့်ဆင့်က အနီးကပ် ကြီးကြပ် စစ်ဆေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)