Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက် တောင်သူများအား သွင်းအားစုပစ္စည်း ပေးအပ်ပွဲသို့ တက်ရောက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက် တောင်သူများအား သွင်းအားစုပစ္စည်း ပေးအပ်ပွဲသို့ တက်ရောက်

ပြည် ဇန်နဝါရီ ၂၀

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက တည်ဆောက်ရေး(၂) အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက် တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့သည်။

           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွါးဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေအောင် နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့်လည်းမျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုနှင့် ကုန်ထုတ် လမ်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် နွေစပါးစိုက်တောင်သူများအား တစ်ဧက လျှင် ပုလဲဓါတ်မြေဩဇာ (၁)အိတ်နှုန်း အစိုးရစျေးနှုန်းဖြင့် တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးသွား မှာဖြစ်ကြောင်း၊ အကြောင်းအမျိုးကြောင့် ရပ်နားခဲ့ရသည့် လျှပ်စစ်ရေတင်လုပ်ငန်းများအား ဆိုလာရေတင် စနစ်များဖြင့် ပြောင်းလဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် စနစ်တကျ လယ်ယာမြေ ဖော်ထုတ်လိုပါကလည်း မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းနှင့် တောင်သူများကလည်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အစိုးရနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

               ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက စပါးမျိုး၊ ယူရီးယား+ ကွန်ပေါင်းဓါတ်မြေဩဇာ၊ ရွက်ဖြန်းမြေဩဇာ၊ပိုးသတ်ဆေးနှင့် ဆေးဖျန်းပုံးတို့အားပေးအပ်ခဲ့ပြီး     ပြည်မြို့နယ် အတွင်း နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် တောင်သူ(၂၇၅၁)ဦး၏ နွေစပါးစိုက်ဧက(၁၂၆၄၅) ဧကဖြစ်ကြောင်း သတင်းရရှိသည်။