Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန် ပစ္စည်းများ သွားရောက်လှူဒါန်း

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန် ပစ္စည်းများ သွားရောက်လှူဒါန်း

ပဲခူး စက်တင်ဘာ ၄

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာသီရိစာသင်တိုက်သို့ သွားရောက်၍ စာသင်/စာချ ဆရာတော်များ ဝါတွင်းကာလ ဆွမ်းနှင့်ဆွမ်းဟင်း အခက်အခဲမရှိစေရေး စာသင်တိုက်တစ်ခု လျှင် ဆန်(၅၀)အိတ်၊ ဆီ(၅၀)ပိဿာ၊ ကုလားပဲ(၃)အိတ်၊ ကြက်ဥအလုံး(၁၀၀၀)နှင့် ဆား(၅)အိတ်တို့အား သွားရောက်လှူဒါန်းခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၀၈) ကျောင်းအတွက် ကျောင်းတိုက်(၁)ခုလျှင် ဆန်(၁)အိတ်၊ ဆီ(၅)ပိဿာနှင့် ဝတ္တုငွေကျပ်(၅)သောင်းကို လည်းကောင်း၊ သီလရှင်ကျောင်း(၁၁၉)ကျောင်းအတွက် ကျောင်းတိုက်(၁)ခုလျှင် ဆန်(၁)အိတ်နှင့် ဆီ(၅)ပိဿာကိုလည်းကောင်း ဩဂုတ်လ(၆)ရက်နေ့တွင် ပထမအကြိမ် လှူဒါန်းထားပြီးဖြစ်သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ ရပ်ကွက်/ကျေးရွာများအတွင်း ဆန်၊ ကြက်သား၊ ငါး၊ ငါးခြောက်၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များ ဈေးကားဖြင့် လှည့်လည်ရောင်းချနေမှုများအား ကြည့်ရှု့အားပေးခဲ့ပြီး အများပြည်သူအတွက် ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ်မပြတ်ရောင်းချပေးသွားရန် မှာကြားခဲ့ပြီးနောက် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ပဲခူးမြစ်ကမ်းဘေး ပန်းခြံအဆင့်မြှင့်တင်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ကမ်းဘေး တစ်လျှောက်ရေထိန်းနံရံအား ကျောက်တုံးများစီ၍ စနစ်တကျ ဆောင်ရွက်ရန်နှင့် မြစ်ကမ်းနားဘေးလျှောက်လမ်းအား လှပသေသပ်စွာဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပဲခူးမြို့၊ ပြည်တော်သာလမ်း နိုင်လွန်ကတ္တရာခင်းနေမှု၊ ရေမြောင်းနှင့် လူသွားလမ်းပလပ်ဖောင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လမ်းညွှန်မှာ ကြားခဲ့ပြီး မြို့တွင်းလမ်းများ အဆင့်မြှင့်တင်နိုင်ရေး လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။