Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီး အား ရွှေထီးတော်အသစ် တင်လှူပူဇော်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီး အား ရွှေထီးတော်အသစ် တင်လှူပူဇော်

ပဲခူး မတ် ၅

===================

          ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူ ပူဇော်ခြင်း အခမ်းအနားအား အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တရားလွှတ်တော် တရားသူကြီးချုပ်၊ အမှတ်၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အလှူရှင် များနှင့်အတူ တက်ရောက်ကြည်ညို တင်လှူပူဇော်ခဲ့သည်။

          ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်များအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

          ထို့နောက် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော်/သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားနာယူခဲ့ကြပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရနှင့် ကြခတ်ဝိုင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်မြတ်က မေတ္တာပို့သ အမျှအတမ်းပေးဝေခဲ့ကြသည်။ ၎င်းနောက် အခမ်းအမှူးက သမာဒေဝ နတ်ကောင်းနတ်မြတ်များအား တောင်းပန်စာတမ်းအား ဖတ်ကြားခဲ့သည်။

          ဆက်လက်၍ ရွှေထီးတော်ဘုံအဆင့်များပင့်ဆောင်ခြင်းနှင့် တင်လှူပူဇော်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များ က ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံရှိရာသို့ ဒေဝါဝန်း ရာဇာဝန်း ချန်ရံ၍ ပင့်ဆောင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

          ယင်းနောက်  မင်္ဂလာအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက ရွှေထီးတော်ပထမဘုံအဆင့်အား မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ခဲ့ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာမူလေ အစချီ ဇယမင်္ဂလာအောင်ဂါထာတော်များ ရွတ်ဖတ်ပူဇော် ခဲ့ကြကြောင်းသည်။ ၎င်းနောက် ကျန်ရှိသည့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ထီးတော်တင်အဖွဲ့ တာဝန်ရှိသူများက အောင်မြင်စွာတင်လှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။