Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မတ် ၂၈ တောင်ငူ

================

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် မတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်အတူ တောင်ငူမြို့နယ်၊ အမှတ်(၃)စစ်မြေပြင်ဆေးတပ်ရင်း၊ စစ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေရုံတက် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေနှင့် အစားအစာ များ ထောက်ပံ့ပေးအပ်ခဲ့သည်။

              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက် ရှေးဟောင်းကျုံးဘေး အပန်းဖြေပန်းခြံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှပန်းပင်များအား ခေတ်မီ Landscaping Design ဖြင့် ပုံဖော်ဆောင်ရွက်ရန်၊ ကျုံးအတွင်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်နှင့် ဗေဒါပင်မှ လူသုံးကုန်ပစ္စည်းထုတ်လုပ်နိုင်ရေး သင်တန်းဖွင့်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

                ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ပဲချက်ကုန်းကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ(၁၈၀.၆၉၇)သန်း အကုန်အကျခံကာ ဆိုလာရေတင်စနစ်ဖြင့် ကုန်းမြင့်လယ်မြေ(၁၅၀)ဧက နွေစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

                   ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ညောင်လေးပင်-ပြွန်တန်ဆာ (မြို့ရှောင်လမ်း) ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေးနှင့် လမ်းဘေးရေအြောင်းများ တစ်ပါတည်းထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ညောင်လေးပင်ခရိုင်အတွင်း နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်တောင်သူများက အရင်းကြေ ပဲတီစိမ်းပြန်လည်ပေးဆပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လာမည့်သီးနှံစိုက်ကာလများတွင် တောင်သူ လယ်သမားများ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေး ထပ်မံဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ဒေသနွား တိုးချဲ့မွေးမြူနိုင်ရေး၊ နေဗီယာမြက်စိုက်ပျိုးနိုင်ရေးနှင့် ဒေသကြက် တိုးတက်မွေးမြူနိုင်ရေး ရှင်းလင်းပြောကြား ခဲ့သည်။ ညောင်လေးပင်ခရိုင်အတွင်း နိုင်ငံ့စီးပွါးမြှင့်တင်ရေးပဲတီစိမ်းစိုက်ဧက (၆၈၀၀၀)ဧကရှိပြီး ယခုအချိန်ထိ (၆၀)ရာခိုင်နှုန်းကျော် ပြန်လည်ပေးသွင်းလျက်ကြောင်း သိရသည်။

             ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့တွင်း ရေစီးရေလာ ကောင်းမွန်စေရေး ရွာသစ်ချောင်း ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ် မြို့တွင်းရေမြောင်း များတူးဖော်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများနှင့် ရေမြောင်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် ညောင်လေးပင်မြို့၊  လုပ်ငန်းရှင် ဦးစိုးလွင်၏ ACT ရှောက်ပျားရည်ထုတ်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထုတ်ပိုးမှုစနစ်များ သေသပ်ကောင်းမွန်မှုရှိစေရေး၊ ပြည်ပစျေးကွက်သို့ တင်ပို့နိုင်ရေးနှင့် ဓါတုဆေးဝါးကင်းရှင်းစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

               ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ အောင်စိုးမိုးကျေးရွာ၊ Gasifire စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေးစနစ်ဖြင့် ဆန်စက်နှင့်ဆီစက်လည်ပတ်ဆောငရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းရှင် ဦးရဲမြင့်မှ စက်ရုံလည်ပတ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်စက်လုပ်ငန်းရှင်တိုင်း Gasifire သုံးစွဲနိုင်ရေး၊ ထင်းအစားထိုး စွန့်ပစ်စပါးခွံလောင်စာတောင့်၊ သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်ရန်နှင့် မြေပဲစိုက်တောင်သူများအတွက် အထွက်နှုန်းတိုးပြီး ဆီထွက်နှုန်းကောင်းသည့် ဗီယက်နမ်မြေပဲမျိုးများ ပြောင်းလဲစိုက်ပျိုးရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် အိမ်ခြေလေးဆယ် ကျေးရွာရှိ တောင်သူဦးတင်ထွဋ်မြင့်၏ ဒေသကြက်ကောင်ရေ(၁၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး နေဗီယာမြက်စိုက်ပျိုး၍ တိရစ္ဆာန်အစာဖြစ် အသုံးပြုနိုင်ရေးနှင့် တိရစ္ဆာန်ရောဂါကူးစက်မှုမရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

                ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ဆပ်သွားခြုံတာဆုံရှိ Cargo X- Ray စစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တရားမဝင်ကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုမရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး တာဝန်ကျတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာရှိ တစ်နှစ်(၃)သီးစိုက် ရက်(၉၀)စပါး မျိုးသန့်မျိုးပွါးစံပြစိုက်ခင်းသို့ သွားရောက်ခဲ့ပြီး ဒေသနှင့်ကိုက်ညီသော သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် စပါးမျိုးများ မြို့နယ်အလိုက် တိုးချဲ့၍ တောင်သူအစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။