Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက်

ပဲခူး ဧပြီ ၂၁

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး  ဆေးဝါးများလုံလောက်မှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများအား သက်သာသောနှုန်းထားဖြင့် အခြေခံစားကုန် ဆန်နှင့်ဆီအား လစဉ်ရောင်းချ ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ် (၂၁)ရက်နေ့ ပင်စင်ထုတ်ရက်ရောက်တိုင်း နိုင်ငံ့ဝန်ထမ်းများအပြင် သက်ကြီးရွယ်အို အဘိုး/အဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင်များကိုလည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လူနာတစ်ဦးလျှင် ဆေးဝါး(၁) လစာ လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၂/၂၀၂၃)အား တက်ရောက်ခဲ့သည်။

          အဆိုပါအစည်းအဝေး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိမှု ရှိလာပြီဖြစ်၍ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း အထူးလိုက်နာနေထိုင်ရန်နှင့် ရပ်ကွက်/ကျေးရွာများသို့ အသိပညာပေးခြင်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မကြာမီတင်ဒါလုပ်ငန်းများ စတင်တော့မည် ဖြစ်ပြီး သတ်မှတ်ထားသည့် တင်ဒါစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ခွဲဝေရရှိလာသည့် ဘဏ္ဍာငွေများအပေါ် သေချာစိစစ်၍ စနစ်တကျ သုံးစွဲကြရန် မှာ ကြားလိုကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပူပြင်းခြောက်သွေ့သည့် နွေရာသီဖြစ်၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်း၊ ကြေငြာခြင်းများအား ရပ်ကွက်/ကျေးရွာများအထိ နေ့စဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် တစ်သီးစိုက်ပျိုးသည့် မြေနေရာများတွင် အခြား စီးပွားဖြစ် ပြည်တွင်း/ပြည်ပ ဈေးကွက်ရှိသည့်သီးနှံများ ထပ်မံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်လို အပ်ကြောင်း၊ တိုင်းရင်းသားစာပေးနှင့် ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာစေရေး ဝိုင်းဝန်းပံ့ပိုးဆောင် ရွက်ရန် လိုအပ်ကြောင်းနှင့် မြို့နယ်အလိုက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ ပြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဒေသန္တရစီမံကိန်းလျာထားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။