Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဇွန် ၁

===================

          တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ မြို့မစျေးကြီးသို့ ရောက်ရှိခဲ့ပြီး စျေးရုံများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်စေရေးနှင့် စျေးရုံများအတွင်း ကြမ်းခင်းကြွေပြား ခင်းပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဈေးရုံးများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကာ စျေးရောင်းချသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် သီရိ ခေတ္တရာရတနာမြို့တော်ခန်းမသို့ ရောက်ရှိခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

          ထို့နောက် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး နို့စားနွားမွေးမြူရေးသီးသန့်ဇုန် အကောင်အထည် ဖော်ဆောင်ရွက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နေဗီယာမြက် စိုက်ပျိုးရေး ဧရိယာ၊ တိရစ္ဆာန်အမျိုးအစားအလိုက် သီးသန့်မွေးမြူရေးဇုံများ ပိုင်းခြားသတ်မှတ်ရန်၊ ရေရရှိရေး ဆောင်ရွက်ရန်၊ အနာဂတ်အတွက် မွေးမြူရေးဇုံ၏ ကုန်ထုတ်လုပ်ငန်းများအတွက်  မြေနေရာများ ကြိုတင်လျာထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့နယ်၊ မိန်းမရဲကျေးရွာနှင့် ပေါက်ခေါင်း မြို့နယ်၊ တာကောက်ကျေးရွာတို့တွင် ဗီယက်နမ်မျိုး မိုးမြေပဲ မျိုးသန့်ပွား မျိုးစေ့ချစိုက်ပျိုးပွဲသို့ တက်ရောက် ခဲ့ပြီး ဒေသခံတောင်သူများအတွက် ဗီယက်နမ်မျိုး မြေပဲများနှင့် ဂျစ်ပဆမ် ကျောက်မှုန့်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြေပဲအစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှု အားပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပေါက်ခေါင်းမြို့၊ ဦးအောင်နိုင်ဦး၏ နှမ်းမြေပဲကြံသကာ၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရေးအလုပ်ရုံ၊ ဦးမြင့်ထွေး၏ ဝါကြိတ်စက်ရုံနှင့် ဦးရန်လင်းအောင်၏ (DYN) အသားတိုးဝက် မွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ပြည်ပ ဈေးကွက် ရရှိရေး၊ သွင်းကုန်အစားထိုး ကုန်ချောထုတ်လုပ်နိုင်ရေး၊ အစုအဖွဲ့စနစ်ဖြင့် ချေးငွေရရှိ နိုင်ရေးနှင့် နည်းပညာ ရရှိနိုင်ရေးတို့အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-၁ ကုန်းတွင်းရေနံကွက် (Ep-4) ရေနံအစမ်း တွင်းတူးဖော်မှုလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား စီမံကိန်းတာဝန်ခံက ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး လမ်းညွှန်မှာ ကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ပန်းတောင်းမြို့နယ်၊ တမာကုန်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာအတွင်း သောက်သုံးရေရရှိရေးနှင့် အထွက်တိုးမြေပဲ (ဗီယက်နမ်)မျိုး တိုးချဲ့စိုက်ပျိုးနိုင် ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။