Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန် ပစ္စည်းများ သွားရောက်လှူဒါန်း

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန် ပစ္စည်းများ သွားရောက်လှူဒါန်း

ပဲခူး စက်တင်ဘာ ၁၂

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတိ္တစာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယကကြခတ်ဝိုင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြခတ်ဝိုင်းပရိယတိ္တစာသင်တိုက် အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်/သံဃာတော် အရှင်သူမြတ်အပါး(၁၆၀)တို့၏ ဆွမ်းနှင့် ဆွမ်းဟင်း ပြည့်စုံစေရန်အတွက် ဆန်(၅၀)အိတ်၊ ဆီ(၂၄၀)ပိဿာ၊ ကုလားပဲ(၄)အိတ်နှင့် ဆား(၄)အိတ် တို့အား ပဓာနနာယကဆရာတော်ထံ ဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ သာသနာ့ဇောတိက ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယကဆရာတော်နှင့် တိုက်အုပ်ဆရာတော်တို့အား ဖူးမြော် ကန်တော့ကာ ဆန်(၃၀)အိတ်၊ ဆီ(၁၄၀)ပိဿာ၊ ကုလားပဲ(၂)အိတ်နှင့် ဆား(၂)အိတ်တို့ကိုလည်းကောင်း၊ ဝင်းနိမ္မိတာရုံပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဝင်းနိမ္မိတာရုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်အား ဖူးမြော်ကန်တော့ကာ ဆန်(၃၀)အိတ်၊ ဆီ(၁၅၀) ပိဿာ၊ ကုလားပဲ(၂)အိတ်နှင့် ဆား(၂)အိတ်တို့ကိုလည်းကောင်း၊ သာမဏေကျော် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် သာမဏေကျော်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အား ဖူးမြော်ကန်တော့ကာ ဆန်(၅၇)အိတ်၊ ဆီ(၂၈၀)ပိဿာ၊ ကုလားပဲ(၅) အိတ်နှင့် ဆား(၅) အိတ်တို့ကိုလည်းကောင်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်စာသင်တိုက်များအား ဝါတွင်းကာလ ဆွမ်းနှင့်ဆွမ်းဟင်း အခက်အခဲမရှိစေရေး မြို့နယ်အလိုက် ဆန်၊ ဆီ၊ ကုလားပဲနှင့် ဆားတို့အား ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၃၉)မိုင်အနီး ဘောနတ်ကြီး-ဘုရားကြီးသွားလမ်းပေါ်ရှိ လုံခြုံရေးနှင့် ကိုဗစ်-၁၉စစ်ဆေးရေး ဂိတ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များအတိုင်း အချိန်မီပြီးစီးစေရေး၊ လျှပ်စစ် မီးရရှိရေးနှင့် ရေရရှိရေးလုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။