Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

သာယာဝတီ ဇွန် ၂၀

=============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၁၉)ရက် နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု ၌ မိုးစပါးဧက(၁၀၀) တင်း(၁၀၀)ထွက်ရှိရေး ဘောင်စနစ်ဖြင့် ဗီယက်နမ်မျိုးစပါး ပျိုးထောင်စိုက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများအား မြေယာပြုပြင်စရိတ်၊ သွင်းအားစုနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာ၌ နိုင်ငံ့ စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဦးအေးစိုး၏ ဘက်စုံမွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တိရိစ္ဆာန်အစာ အစားထိုး နေဗီယာမြက်စိုက်ပျိုးနိုင်ရေး၊ ငါးကန်ဘောင်များတွင် တန်ဖိုးမြင့်သစ်ပင်များစိုက်ပျိုးရန်နှင့် ဒေသကြက် တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့်  ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ရာ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး၊ သီးထပ်စွမ်း တိုးတက်ရေး၊ မွေးမြူရေးကဏ္ဍ တိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ပညာရေး/ ကျန်းမာရေး မြှင့်တင်ဆောင်ရွက်ပေးနေမှုများနှင့် တောင်သူလယ်သမားများ လူ့မှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးစိုးထွဋ်က မင်းလှမြို့နယ်အတွင်း (၁)သီးမှ (၂)သီး၊ (၂)သီးမှ(၃)သီး တိုးမြှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်အား Power Point ဖြင့်လည်းကောင်း၊ ဒေသခံတောင်သူများက နွေစပါး စိုက်ပျိုးရေရရှိရေး၊ ဟင်းသီးဟင်းရွက်စိုက်ခင်းအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ကျေးလက် လမ်း/တံတား အဆင့်မြှင့်တင်နိုင်ရေးနှင့် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရေး အသီးသီးတင်ပြခဲ့ ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအား ဟင်းသီး ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

             ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ အုပ်စုနှင့် မိုးညိုမြို့နယ်၊ မြစ်သာကျေးရွာအုပ်စုတို့ရှိ ရေကြီးရေနက်ကွင်းနေရာတို့တွင် ယခင်တစ်နှစ်(၁)သီး သာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ် (၂)သီး တိုးချဲ့စိုက်ပျိုး နိုင်ရေး ဆောင်ရွက်ပေးမည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေသွင်းရေထုတ်စနစ်များ ကောင်းမွန်စွာဆောင်ရွက်ရန်၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် လက်ပံတန်း- မိုးညို-နတ်တလင်း လမ်းမိုင်(၄၉/၀)နှင့် (၅၀/၀)၊ မိုင်တိုင်(၅၂/၀)နှင့် (၅၃/၀)အကြား မြေသားတာဘောင် တိုးချဲ့ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲ/ယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်နှင့် လမ်းပေါ်ရေဝပ်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။