Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် ဇွန် ၂၅

======================

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဇွန်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်(၁၂၂.၄)သန်းဖြင့် ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင် သရေခေတ္တရာ ရှေးဟောင်းဇုံပတ်လမ်း (နဂါးတွန့်တံခါးပေါက်မှ ကျောင်းကုန်းကျေးရွာလမ်းပိုင်း) လမ်းတာဘောင်တိုးချဲ့ ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းပိုင်း အလိုက် သတ်မှတ်စံချိန်နှင့်အညီ ဆောင်ရွက်ရန်၊ ကျေးရွာတွင်းလမ်းများ ပျက်စီးမှုမရှိစေရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး ကျေးရွာအလိုက် လမ်းကော်မတီဖွဲ့စည်း၍ ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် လမ်းပေါ် ရေဝပ်မှုမရှိစေရေးနှင့် ရေသွင်းရေထုတ်ပြွန်ပေါက်များ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပြည်မြို့နယ်၊ တွင်းဗျည်းအုပ်စု၊ ကြို့ရသာကျေးရွာ၌ တောင်သူ ဦးတင်ထွဋ်၏ ထိုင်းနှံကောက်မျိုး မိုးစပါးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုနှင့် တောင်သူဦးဝင်းအောင်၏ ဆယ်တန်းသွားမျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုတို့ အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရက် သက်တမ်းတိုကာ အထွက်နှုန်း ကောင်းသော စပါးမျိုးကောင်းမျိုးသန့်ရရှိရေး၊ အချိန်မီစိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများ အချိန်မီရရှိရေး နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် တောင်သူစိတ်ကြိုက် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအား ကြဲခင်းစနစ် လျော့ချနိုင်ရေးအတွက် ဆယ်တန်းသွားမျိုးစေ့ချကိရိယာနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်နှင့် ကမ်းဘေးတစ်လျှောက် ကမ်းထိန်းသစ်ပင်များ စိုက်ပျိုးရန်၊ ဧရာဝတီမြစ်အတွင်း သောင်းခုံများအား ရေလွှဲကာများတည်ဆောက်၍ ရေလမ်းကြောင်း ဖြောင့်ခြင်းလုပ်ငန်းများအား နှစ်စဉ်စီမံချက်များချမှတ်၍ တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကမ်းနားလမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျူးကျော်များမှုများမရှိစေရေး၊ မြေထိန်းနံရံများ ပြိုကျမှုမရှိစေရေးနှင့် ရေးဆင်းရောင်းမွန်မှုရှိစေရေး စဉ်ဆက်အပြတ် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

             ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်စိုးစိုးသက်သည် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်(၅)ဘာသာဂုဏ်ထူးရရှိပြီး ဝိဇ္ဇာဘာသာတွဲ နိုင်ငံတော်အဆင့်(၄)ရရှိသည့် မစုမြတ်လင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှ စုပေါင်းဂုဏ်ပြုငွေ ကျပ်သိန်း(၁၀၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။