Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူး ဇူလိုင် ၂၄

==========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများလိုက်ပါ လျက် ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကလိကျေးရွာ၌ မိုးစပါး ရက်(၉၀)စပါး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း(၂၀)ဧကနှင့် ကမာနတ်ကျေးရွာ၊ ပဲခူးမျိုးသန့်ခြံ၌ ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၁၀)တို့တွင် ပျိုးထောင်ကောက်စိုက် နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်များ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး မျိုးစေ့ ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်ရန်၊ ဒေသခံတောင်သူများကိုလည်း အစုအဖွဲ့စနစ်ဖြင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးရန်၊ မြို့နယ်များရှိ မျိုးစေ့သန့်စင်စက်များနှင့် မျိုးသန့်သိုလှောင်ရုံများအား ပြန်လည်အဆင့် မြှင့်တင်ထားရန်နှင့် သွင်းအားစုများ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊မြေ၊ရေ၊နည်း စနစ်တကျ မှန်ကန်စွာသုံးစွဲရန်နှင့် သဘာဝမြေဩဇာသုံးစွဲနိုင်ရေး ပိုက်ဆံလျှော်များ စိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာရှိ ဦးဝင်းသော်၏ စွန့်ပစ်စပါးခွံမှ လောင်စာတောင့်ထုတ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထင်းအစားထိုး လောင်စာတောင့်များသုံးစွဲခြင်းဖြင့် သစ်တောသစ်ပင်ပြုန်းတီးမှုကို ကာကွယ်နိုင်မည်ဖြစ်၍ ကျေးလက်အဆင့် ထိ သုံးစွဲနိုင်ရေးဖြန့်ဖြူးပေးရန်နှင့် ၎င်းနှင့်တွဲဖက်သုံးစွဲနိုင်သည့် လောင်စာတောင့်မီးဖိုများလည်း ထုတ်လုပ် သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ပြည်ပနည်းပညာနှင့်ယှဉ်ပြိုင်၍ သွင်းကုန်အစားထိုး စပါးအခြောက်ခံစက် တီထွင်ထုတ်လုပ်လျက်ရှိသည့် ကိုငယ်လေး၏ ဆန်စက်နှင့် စပါးအခြောက်ခံစက် ထုတ်လုပ်ရေးအလုပ်ရုံသို့ ရောက်သွားကြည့်ရှုခဲ့ရာ စပါးအခြောက်ခံစက် တည်ဆောက်မှုပုံစံအဆင့်ဆင့်နှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား အလုပ်ရုံ အတွင်း လိုက်လံရှင်းလင်းပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စပါးအခြောက်ခံစက်သည် ရိတ်သိမ်းချိန်လွန်နည်းပညာတစ်ခုဖြစ်ပြီး ဒေသခံတောင်သူများအတွက် အလွန်အကျိုးကျေးဇူးများပြား သည့် လုပ်ငန်းတစ်ခုဖြစ်၍ ကျေးရွာအဆင့်ထိ သုံးစွဲနိုင်ရေး ကြီး/ငယ်/လတ် အမျိုးအစား ခွဲခြားထုတ်လုပ် သွားရန်၊ လျှပ်စစ်ဓါတ်အား သုံးစွဲမှုလျော့ချစေရေး Gasifier တပ်ဆင်သုံးစွဲရန်နှင့် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ငယ်များ တီထွင်ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဘုရားကြီးမြို့ရှိ ကိုငယ်လေးအလုပ်ရုံများ ထုတ်လုပ်သည့် စပါးအခြေခံစက်တပ်ဆင် လည်ပတ်လျက်ရှိသော တစ်ရက်တန်(၁၅၀)ကျ ရွှေလဝန်းဆန်စက် သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် Contract Farming စနစ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။