Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဇူလိုင် ၃၁

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဦးထွန်းသိန်း၏ ငုံးကောင်ရေ(၁၀၀၀၀) မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး အသားနှင့်ဥ ထုတ်လုပ်မှု တိုးတက်စေရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် တိရစ္ဆာန် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် တိရစ္ဆာန်အစာကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းနောက် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ တောင်သူ ဦးလှသန်း၏ ဆင်းသုခမျိုးစပါး ပျိုးထောင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကြဲခင်းစနစ်များ ပပျောက်နိုင်ရေးနှင့် သွင်းအားစုများအား သဘာဝမြေဩဇာနှင့် တွဲဖက်သုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဘောနတ်ကြီး ကျေးရွာအနီးရှိ ဇောင်းတူရေလွှဲဆည်သို့ ရောက်ရှိခဲ့ပြီး နွေရာသီစိုက်ပျိုးရေ ရှားပါးမှုမဖြစ်စေရေး ကြိုတင် ရေလှောင်ပမာဏရရှိအောင် ထိန်းသိမ်းရန်၊ တမံများ၏ ကြံ့ခိုင်မှုများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် ရန်၊ ရေပေးမြောင်းများ တိမ်ကောမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး သဲသောင်ခုံများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်(၃၆)အနီးရှိ ကြယ်နီသုံးလုံးကုမ္ပဏီလီမိတက် ရာဘာခြံ(၁၁၅)ဧကအတွင်း ရိုဘက်စတာ (Robusta) ဗီယက်နမ်မျိုး ကော်ဖီသီးညှပ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဦးမင်းသိန်း၏ ဘက်စုံစိုက်ပျိုး ရေးခြံ၌ ယိုးဒယားအုန်းချိုမွှေး၊ ထောပတ်၊ ပိန္နဲ၊ ဒူးရင်းစသည့် သီးနှံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အား သွားရောက်ကြည့်ရှုခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေးအမြန်လမ်းအား ပဲခူးမြို့မှ လမ်းမိုင်အတိုဆုံးဖြင့် တိုက်ရိုက်ချိတ်ဆက်မည့်လမ်း ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပခုံးသားများ အမာခံရရှိ ရေး ဆောင်ရွက်ရန်၊ လမ်းဧရိယာအတွင်း ရေဝပ်ခြင်း၊ ရေကျော်ခြင်းမရှိစေရေး ရေထုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ တံတားချဉ်းကပ်လမ်းများနှင့် လမ်းဧရိယာတစ်လျှောက် သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။