Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ချီးမြှင့်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ချီးမြှင့်

ပြည် ဩဂုတ် ၂၅

===============

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မြောင်းဆုံကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မိရိုးဖလာစိုက်ခြင်းမှ မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ ပြုပြင်ပြောင်းလဲ စိုက်ပျိုးသွားနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဖြည့်ဆည်း ဆောင်ရွက်နေမှု၊ နွေစပါး စိုက်ပျိုးရေရရှိရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်မှု မှတ်တမ်း ဗွီဒီယိုအား ရှင်းလင်းပြောကြားပေးခဲ့သည်။

             ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တက်ရောက်လာသည့် ပြည်ခရိုင် အတွင်းရှိ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်များရှိ တောင်သူ များနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မှာယူထားခဲ့သော တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကာ တောင်သူများ၏ လိုလား တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

              ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ကုန်းဇင်းကျောင်းကျေးရွာ၊ သဒ္ဓမ္မမဉ္ဇီဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ တောင်ပို့ကွင်း မြစိမ်းရောင် စီမံကိန်းစံပြကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဆိတ်မွေးမြူသူများအား မတည်ရန်ပုံငွေများ ပေးအပ်ခဲ့ပြီး တောင်ပို့ကွင်းကျေးရွာနှင့် ညောင်ဖြူကျေးရွာများ၌ စီးပွားဖြစ် ဒေသဆိတ်(ဝေသာလီ)မျိုး၊ (ထိန်စမ်း) မျိုး၊ တောင်အာဖရိကဆိတ် ဘိုဝါ(Boer)မျိုး ဆိတ်မွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဆိတ်အစာ အဖြစ် နေဗီယာမြက်စိုက်ပျိုးထားရှိမှု၊ Stylosanthes  Hamata မြက်မျိုးများ စိုက်ပျိုးထား ရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးကောင်းမျိုးသန့် ဆိတ်မျိုးများ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်း-၁ ရေနံအစမ်းတွင်း တူးဖော် ဆောင်ရွက်မှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သီးခြားလိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် စွယ်တော်ကျေးရွာအုပ်စုရှိ လျှော်ဖြူခြံ စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး  ပြည်ပဈေးကွက် ခိုင်မာစွာရရှိရေးနှင့် လျှော်ဖြူခြံအတွင်း ကော်ဖီ သီးညှပ်စိုက်ပျိုးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကာ နှမ်းစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆီကြိတ်၍ရသည့် အထွက်နှုန်းကောင်း နှမ်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ပန်းတောင်းဒေသသည် မိုးနည်းသည့်ဒေသဖြစ်၍ ရေအနည်းလိုစပါးမျိုးများ စမ်းသပ်စိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရှိရသည်။