Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် အောက်တိုဘာ ၂၆

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး၊ ကမ်းနားလမ်း တစ်လျောက် သန့်ရှင်းသာယာ လှပစေရေးနှင့် မြေထိန်းနံရံကြံ့ခိုင်မှုများ စဉ်ဆက်မပြတ် စစ်ဆေးဆောင် ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ မြို့မစျေးကြီးအတွင်း စျေးရုံအသစ် ဆောက်လုပ်နေမှုနှင့် စျေးရုံအဟောင်းများ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လေဝင်လေထွက်ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အောက်ခံမြေသား အမာခံရရှိရေး ဆောင်ရွက်ရန်၊  စျေးရုံအဟောင်းရှိ အမိုးများ အသစ်လဲလှယ်ရန်နှင့် ဆေးသုတ်ခြင်းလုပ်ငန်း တစ်ပါတည်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ မင်းလှမြို့နယ်၊ စာနီစုကျေးရွာ၊ တောင်သူ ဦးသန်းလှိုင်၏ ဆင်းသုခမိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစို(၁၃၀)တင်း၊ အခြောက်(၁၁၇)တင်း ထွက်ရှိခဲ့ပြီး ဒေသခံပြည်သူများအတွက် ဟင်းသီးဟင်ရွက် မျိုးစေ့ များ ထောက်ပံ့ပေးအပ်ခဲ့သည်။

       ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  လက်ပံတန်းမြို့နယ် ဒေသသုတေသနဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကောင်း မျိုးကောင်း မျိုးသန့် ထောက်ပံ့ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ  မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ မှန်ကန်စွာသုံးစွဲနိုင်ရေး၊ စားဖိုဆောင်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေး ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်းမြေပဲ (ဗီယက်နမ်) မျိုး၊ မတ်ပဲ(TBL-9)မျိုးနှင့် ပဲတီစိမ်း (ဩဇီ၊ ရေဆင်း-၁၄၊ ရေဆင်း-၁၆)မျိုးများအား ထောက်ပံ့ပေးအပ်ခဲ့မှု အပေါ် ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်းက သာယာဝတီ မြို့နယ်၊ ကျွဲသတ်ကြီး ကျေးရွာ၊ တောင်သူ ဦးကြည်လွင်၏ ဆင်းသုခမိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းနေ မှုနှင့် မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာ၊ တောင်သူ ဦးသန်းအောင်၏ ဘက်စုံမွေးမြူရေးခြုံသို့ ရောက်ရှိ ခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများအား ကုန်ချောပစ္စည်းများ အဖြစ် ထုတ်လုပ်၍ ပြည်ပပို့ကုန်အစားထိုး ထုတ်လုပ်သွားရန်၊ ဒေသနှင့်ကိုက်ညီပြီး ပြည်ပဈေးကွက်ဝင် အထွက်တိုး မျိုးကောင်းမျိုးသန့်များစိုက်ပျိုးသွားရန်နှင့် စိုက်နည်းစနစ်နှင့်သွင်းအားစုများ မှန်ကန်စွာ အချိုးကျ သုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။