Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၃

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ (၂:၃၀)နာရီအချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ် သည့်အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသဖြင့် စိုက်ပျိုးရေအပြည့်အဝ ရရှိစေရေး ဆည်/တမံများ၌ မိုးရေများ ပြည့်မီသိုလှောင်ထားရန်လိုအပ်ကြောင်း၊ ဆည်/တမံများမှ စုဆောင်းထားသည့် မိုးရေများအား ရေပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အကျိုးရှိရှိအသုံးချနိုင် စေရေး လက်တံရေပေးတူးမြောင်းများ ပြန်လည်ပြုပြင်မွန်းမံခြင်းနှင့် ကြံ့ခိုင်မှုများစစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေရရှိနိုင်သည့် အရင်းအမြစ် များအားရှာဖွေ၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးချိန်မီ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်း စနစ်များကို တောင်သူများ သိရှိလိုက်နာ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နွေရာသီတွင် သောက်သုံးရေ ရှားပါးသည့်ဒေသများ၌ စက်ရေတွင်း များ၊ ရေကန်များ တူးဖော်ပေးနိုင်ရေး သက်ဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြိုတင်လျာထား တင်ပြပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦး က တိုင်းဒေသကြီးအတွင်း ဆည်/တမံ(၃၉)ခု၏ ရေသိုလှောင်ထားရှိမှုနှင့် နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် နွေရာသီ သောက်သုံးရေရှားပါးသည့် ဒေသများ၌ စက်ရေတွင်း တူးဖော်ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးမျိုးဝင်းက နွေစပါးအား လျာထားချက်ထက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တောင်သူကြိုက် မျိုးကောင်းမျိုးသန့်စပါးများ အလုံအလောက်ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ် သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။