Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၄

============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မသန်စွမ်းသူများအတွက် အခွင့်အရေးများကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ အခြား သူများနှင့်တန်တူ အခွင့်အရေးများကို ရရှိခံစားနိုင်စေရန် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းထားခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းမှု ဖြစ်ပွားခြင်းကို ကာကွယ်နိုင်သည့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများနှင့် မသန်စွမ်းမှု ဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်စေရန် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများ အတွက် အများပြည်သူသုံး အဆောက်အအုံနှင့် ပတ်ဝန်းကျင်ကို မသန်စွမ်းသူများ အထောက်အကူပြုပစ္စည်း ကိရိယာများဖြင့် အဟန့်အတားမဲ့ သွားလာနိုင်ရေး ဆောင်ရွက်ပေးထားရန် လိုအပ်ကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်ကြောင်းနှင့် မသန်စွမ်းသူများကို ဝန်ထမ်းအဖြစ် ခန့်အပ်ပေးထားသည့် လုပ်ငန်းရှင်များ ကိုလည်း ဖော်ထုတ်ဂုဏ်ပြုပေးခြင်းအားဖြင့် မသန်စွမ်းသူများအတွက် သန်စွမ်းသူများနည်းတူ အခွင့်အရေးများ ပိုမိုတိုးတက်ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီ ဦးအောင်ဝင်းဦးက မသန်စွမ်းသူများ အသင်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၊ အတွင်းရေးမှူး၊ ပဲခူးတိုင်း‌ဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး က မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကော်မတီမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ရပိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များအား ပံ့ပိုးကူညီ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။