Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းစိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းစိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် နိုဝင်ဘာ ၁၉
================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၉)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့အတွင်းစိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ရွှေ၏ မိုးစပါး ထိုင်းနှံကောက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ အစိုတင်း(၁၅၀)၊ အခြောက် တင်း(၁၃၆)တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ သဲကျဲကြီးကျေးရွာအုပ်စုရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုန်(၃၈၀)ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် ဝါးကောက်သိမ်းပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး သင့်တော်သည့်ဝါဈေးနှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စက်ရေတွင်းတူးဖော်နိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတလည်မြို့၊ တိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ပြီး အထူးကုဆရာဝန်ကြီးများဖြင့် နယ်လှည့်ကွင်းဆင်း ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ သရေခေတ္တရာမြို့ဟောင်း၌ သီရိခေတ္တရာဆင်စခန်းအား ဆင်စာ ကျွေး ဖွင့်လှစ်ပေးခဲ့ပြီး လာရောက်လည်ပတ်သူ ပြည်သူများ သရေခေတ္တရာမြို့ဟောင်းအတွင်း ဆင်စီး၍ လည်ပတ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာ အုပ်စု၊ တောင်သူ ဦးကျော်စွာဝင်း၏ ပီလောပီနံစံပြစိုက်ခင်း ဧက(၅၀) အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးကွက်ဝင်ပြီး တောင်သူများအတွက် အကျိုးစီးပွါးဖြစ်ထွန်းစေနိုင်သည့် သီးနှံများအား မြေလပ်မရှိ စိုက်ပျိုးသွားရန်၊ စိုက်ပျိုးသီးနှံများအား ကုန်ကြမ်းအဖြစ်ရောင်းချမှုမှ ကုန်ချောအဆင့်ထိ ထုတ်လုပ်ရောင်းချနိုင်ရေး တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် မှော်ဇာဈေးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးဆိုင်ခန်း ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။