Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပဲခူး နိုဝင်ဘာ ၂၉

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်လေး ကျေးရွာ၊ ကျိုက်ပဒိုင်ရေကြီးရေကွင်းအတွင်း လယ်မြေဧရိယာ(၆၆၀၀)ဧက၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူလယ်သမားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာအသုံးချနိုင်ရေးနှင့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက် အသိပညာပေးခြင်းများ ပြောကြားခဲ့ကြရာ ဒေသခံ ပြည်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကျိုက်ပဒိုင်ကွင်းအတွင်း သီးထပ် စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၁၂၀)သန်းဖြင့် လယ်သမားတာ၌ Check Gate (ရေထိန်းအဆောက်အအုံ) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလ အတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          အဆိုပါ ကျိုက်ပဒိုင်ကွင်းသည် ယခင်က ရေကျနောက်စိုက် စပါး(၁)သီးသာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေပေးမြောင်းများ တူးဖော်ပေးခြင်း၊ ရေသွင်း/ရေထုတ် ကောင်းမွန်စေရေး ဆောင်ရွက်ပေးခြင်းနှင့် Check Gate (ရေထိန်းအဆောက်အအုံ)များ တည်ဆောက်ပေး ခြင်းတို့ကြောင့် ဒုတိယသီးနှံအဖြစ် နွေစပါး(၂)ကြိမ် မြေဧရိယာ(၂၀၂၀)ဧက သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုး နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျိုက်ပဒိုင်ကြီးကျေးရွာရှိ ရွှေတိဂုံလေး ဆံတော်ရှင်စေတီတော် စိန်ဖူးတော် မိုးကြိုးခသဖြင့် ပျက်စီးခဲ့ရသည့် အခြေအနေများနှင့် စေတီတော် ပုရဝုဏ်အတွင်း ဘက်စုံပြန်လည်ပြုပြင်မွန်းမံနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ စေတီတော်ကြီး၏ ပဓာနနာယကဆရာတော်အား လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။