Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အသိပညာပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အသိပညာပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၁၉

==============

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်ပိုင်း က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အသိပညာပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်း နှင့် ကျန်းမာရေးအသိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ပါ” ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများ အသိပေးရှင်းလင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်ကို အများပြည်သူသိရှိနားလည်သဘော ပေါက်ပြီး သောက်သုံးခြင်းမှ ရှောင်ကြဉ်နိုင်စေရန် ၂၀၁၆ ခုနှစ်မှစ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက် ခဲ့ရာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် တတိယမြောက်အမိန့်စာထုတ်ပြန်ကျင့်သုံးသည့် နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ စံသတ် မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်းနှင့် ကျန်းမာရေးအသိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းစသည့် လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများကို သေချာစွာသိရှိနားလည်ထားရန်လိုအပ်ပြီး လုပ်ငန်းရှင်များမှ နမူနာများ တင်ပြတောင်းခံလာသည့်အပေါ် အတည်ပြုပြီး အမိန့်ကြော်ငြာစာများအတိုင်း လိုက်နာဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၌ အားကစားဥယျာဉ် တည်ဆောက်မှုနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများ၊ မိုးလုံလေလုံဘက်စုံသုံး အားကစားခန်းမ ဆောက်လုပ်နေမှု၊ ဘောလုံးကွင်းနှင့် အထူးတန်းပွဲကြည့်စင်များ ဆောက်လုပ်နေမှုတို့အား ရှင်းလင်းတင်ပြခဲ့မှု အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းခွင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သတ်မှတ်အရည်အသွေးများအတိုင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်၊ အားကစားကွင်းများသည် အများနှင့်သက်ဆိုင်သည့်နေရာများဖြစ်၍ မသန်စွမ်းသူများလည်း အသုံးပြုနိုင်စေ ရေး ထည့်သွင်းဆောင်ရွက်ရန်၊ တည်ဆောက်ရန်ကျန်ရှိသည့် အဆောက်အဦများနှင့် လမ်းများအား နှစ်အလိုက် ဘတ်ဂျက်ရေးဆွဲတင်ပြသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်အနီး ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျစေတီတော် ဘက်စုံပြုပြင်မွမ်းမံနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။