Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးရည်ရွယ်၍ ပဲခူးမြို့၌ တိုင်းရင်းသားရိုးရာအက သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးရည်ရွယ်၍ ပဲခူးမြို့၌ တိုင်းရင်းသားရိုးရာအက သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၂၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပဖွင့်လှစ်ခဲ့သည့် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

     ရှေးဦးစွာ ရှမ်းတိုင်းရင်းသားများက ရှမ်းလက်သိုင်း၊ ဓားသိုင်းအကများဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသူ များက ရှမ်းနှစ်သစ်ကူးကျေးလက်အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ စာပေ၊ ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများရဲ့ အနုပညာယဉ်ကျေးမှုမှာပါဝင်တဲ့ ရိုးရာ အကတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် ယခုသင်တန်းကို (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေး ခဲ့ခြင်းဖြစ်ကာ အခြေခံကကွက်တွေကို သင်ကြားပို့ချပေးထားတာဖြစ်လို့ သင်တန်းသားများအနေဖြင့် ကိုယ်ပိုင်ကကွက်များကို တီထွင်ဖန်တီးပြီး အမြဲမပြတ်လေ့ကျင့်ပေးနေဖို့လိုအပ်ကြောင်း၊ ယခုလို သင်တန်း ဖွင့်လှစ်ပေးခဲ့ခြင်းကြောင့် မိမိတို့တိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်း၊ တိုင်းရင်းသားလူငယ်များအနေဖြင့် မိမိတို့ရဲ့ရိုးရာအကများကို စဉ်ဆက်မပြတ်စေရန် သင်ကြားပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရှိခဲ့ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့ရဲ့ ရိုးရာအကများကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး ပဲခူးတိုင်းဒေသကြီးရဲ့ နေ့ထူးနေ့မြတ်အခမ်းအနားတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ တိုင်းရင်းသားများအားလုံး ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြ မှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။

          ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ချင်းတိုင်းရင်းသားရိုးရာအက၊ ကရင်တိုင်းရင်းသားရိုးရာ အက၊ ရှမ်းတိုင်းရင်းသားရိုးရာသင်္ကြန်အကတို့ဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့မှ ကပြဖျော်ဖြေတင်ဆက်ကြသည့် တိုင်းရင်းသားအက အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသည့် တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။