Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူခရိုင်အတွင်း CMP လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု အားပေး

တောင်ငူခရိုင်အတွင်း CMP လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု အားပေး

တောင်ငူ  နိုဝင်ဘာ ၁၇

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် တောင်ငူခရိုင်အတွင်း CMP လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု ရှိ လုပ်ငန်းရှင် ဦးစိန်ဝင်း၏ ဝါးတူစက်ရုံသို့ သွားရောက်ခဲ့ပြီး ဝါးတူထုတ်လုပ်မှု အဆင့်ဆင့်အား တာဝန်ရှိသူများ က ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝပေါက်သည့် ဝါးပင်များအား ရေရှည် ထုတ်ယူသုံးစွဲပါက ပြုန်းတီးသွားနိုင်သဖြင့် ကိုယ်တိုင်ဝါးစိုက်ပျိုးခြင်း၊ ကိုယ်တိုင်ထုတ်ယူသုံးစွဲခြင်းများသည် ရေရှည်ပိုမိုအဆင်ပြေနိုင်သဖြင့် ဝါးရောင်းချသူများအား ဝါးစိုက်ပျိုးနိုင်ရေး အသိပညာပေး စည်းရုံးသွားရန် လိုအပ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဝါးဆစ်ပိုင်းများဖြင့် မီးသွေးအစားထိုး လောင်စာတောင့်များနှင့် ဝါးအခြေခံ လက်မှုပစ္စည်းများ ထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ အလုပ်သမားအခွင့်အရေးနှင့် အကျိုးခံစားခွင့်များ အပြည့်အဝရရှိရေး ကြီးကြပ် ဆောင်ရွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဝါးတူစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ညောင်ကိုင်းကျေးရွာ၊ တောင်သူ ဦးဝင်းနိုင်၏ ဆင်းသုခ မိုးစပါးစံပြကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများအား ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များ စုဆောင်းထားရှိမှုနှင့် လာမည့်နွေစပါး စိုက်ရာသီအမှီ လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့သည်။ အဆိုပါ မိုးစပါးစံပြကွက်ရိတ်သိမ်းခဲ့ရာ အစိုတင်း(၁၄၀)၊ အခြောက်တင်း(၁၂၆)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ တောင်ငူမြို့နယ်၊ စင်ဆိပ်ကျေးရွာရှိ တောင်သူ ဦးနိုင်ဦး ၏ ဆောင်းပဲတီစိမ်း အစေ့ကိရိယာဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ထရိုင်ဂိုဒါးမားသဘာဝမြေဩဇာ နှင့် ပဲမြစ်ဖုဇီဝမြေဩဇာများ တစ်ပါတည်း ထည့်သွင်းစိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် အပင်ပေါက်ရာခိုင်နှုန်း(၈၅)ရာခိုင်နှုန်းရှိသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသွားရန်နှင့် တစ်ဧကလျှင် သတ်မှတ်ပင်ရေ အပြည့်အဝရရှိအောင် စိုက်ပျိုးရန်၊ ဒေသခံတောင်သူများအား စိုက်ပျိုးသီးနှံများတွင် ရာသီ အလိုက်ကျရောက်တတ်သည့် ရောဂါနှင့် ပိုးမွှားအကြောင်းအား အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းသကြားစက်ဝန်း အတွင်း နဝဒေး(၄) ကြံစိုက်နည်းစနစ် စံပြကွက်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကြံအခင်းသစ်များထက် လမိုင်းခင်းနှင့် လမတ်ခင်းများ အထွက်နှုန်း တိုးတက်စေရေး ကြံခုတ်နည်းစနစ်များ အသိပညာပေးရန်နှင့် ပန်းတိုင်ရည်မှန်းချက်ဖြစ်သည့် တစ်ဧကလျှင် ကြံ(၃၀)တန်အထက် ထွက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။