တောင်ငူ စက်တင်ဘာ ၂၁
တောင်ငူမြို့၊ ခပေါင်းခန်းမ၌ စက်တင်ဘာလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်ခဲ့ပြီး တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့မှုအပေါ် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် တက်ကြွစွာပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ်မှုများအတွက် စေတနာရှင်ပြည်သူများစုပေါင်း၍ ငွေကျပ်(၅၈၂၅၁၀၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် တက်ရောက်လာသည့် အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စစ်တောင်းမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်၊ ရေတာရှည် မြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် (၁၂.၉.၂၀၂၄) ရက်နေ့မှစတင်၍ အိမ်ထောင်စု (၁၈၆၄၇)စု၊ လူဦးရေ(၇၂၄၉၄)ဦးတို့အား ရေဘေးရှောင်စခန်း (၁၄၁)ခုသို့လည်းကောင်း၊ အိမ်ထောင်စု (၇၀၅၂)စု၊ လူဦးရေ(၂၉၆၉၁)ဦးတို့အား ဆွေမျိုးမိသားစုနေအိမ်များ သို့လည်းကောင်း၊ စုစုပေါင်းလူဦးရေ (၁၀၂၁၈၅)ဦးတို့အား အန္တရာယ်ကင်းစွာ ပြောင်းရွှေ့နေရာချထားပေး ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုတို့ဖြင့် ယာယီရေဘေး စခန်းအလိုက် နေ့စဉ်ချက်ပြုတ် ကျွေးမွေးလျက်ရှိကြောင်း သတင်းရှိသည်။