Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၂၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တောင်ငူမြို့၊ သာသနဟိတကာရီ ဗိမာန်တော်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မိုးစပါးများ ရေကြီးနစ်မြှုပ်ခဲ့၍ ထိခိုက်ပျက်စီးဧကများ ဖြစ်လာနိုင်ကြောင်း၊  မိုးစပါးထိခိုက်ဧကများအတွက် မျိုးတူ၊ သက်တမ်းတူရှာဖွေ၍ ပြန်လည်ဖာထေးစိုက်ပျိုးသွားရန်နှင့် ပျက်စီးဧကများတွင် မတ်ပဲနှင့် ပဲအမျိုးမျိုး စိုက်ပျိုးသွားရန်၊ ရေကြီး နစ်မြှုပ်မှုကြောင့် မိုးစပါးစိုက်ဧက ထိခိုက်သွားသော်လည်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ချောင်းပိတ်မြောင်း ပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ကွင်းဆင်းတင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူခရိုင်ရေဘေးကွပ်ကဲမှုရုံးသို့ အလှူရှင်များ လာရောက်ဒါန်းထားသည့် ဆန်၊ ဆီနှင့် အခြားစားသောက် ဖွယ်ရာများ စနစ်တကျ စုဆောင်းထားရှိမှု၊ စားသုံးကုန် ပစ္စည်းများ လက်ခံရရှိမှု၊ ဖြန့်ခွဲပေးမှု အခြေ အနေမှုများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နှင့် ကန်ရိုး ကျေးရွာသို့ ရေဝင်ရောက်မှု အမြန်ဆုံးကျဆင်းစေရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒိုးတန်းချောင်း၊ ဒိုးပတ်ချောင်း၊ ချောင်းဖြူချောင်းနှင့် ထီးလှိုင်ချောင်းများအား ရေဆင်းကောင်းစေရေး ပြန်လည်တူးဖော်ရန် စက်ယန္တရား ဝင်မရပါက လူအင်အားဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ကန်ရိုးကျေးရွာနှင့် တောင်ငူမြို့အဝင်ကြား ကားလမ်း ရေကျော်ဝင်ရောက် နေမှုနှင့် ထီးလှိုင်လမ်းဘေး ရေကြီးရေလျှံမှုကြောင့် အုတ်တံတိုင်းပြိုကျပျက်စီးနေမှုတို့အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ အမှတ်(၁၉)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူ များ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရေဝင်ရောက်ခဲ့သည့် စာသင် ဆောင်များအတွင်း လှည့်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် ပရိဘောဂများ အတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား တောင်ငူမြို့နယ်ပညာရေးမှူးနှင့် သန့်ရှင်းရေးပြုလုပ်နေသည့် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူတို့အား သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ မဟာမုနိကေလဇာတီစေတီတော် မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ရေဘေးသင့် အိမ်ထောင်စု (၉၇)စု၊ လူဦးရေ(၃၇၆)ဦးတို့အတွက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆန်၊ ဆီနှင့် အခြား စားသောက်ဖွယ်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဆန်ရိက္ခာဖိုးများ၊ ကလေးငယ်များ အတွက် အာဟာရမုန့်များ၊ ရေဘေးရှောင် သက်ကြီးဘိုးဘွားများနှင့် ကျန်းမာရေးဝန်ထမ်းအတွက် သီးခြား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဘေးရှောင်စခန်းများ၌ နေ့စဉ်ချက်ပြုတ်ကျွေးမွေးရန် ပြင်ဆင်နေမှုနှင့် ရေသန့်စင်စက်ပါမော်တော်ယာဉ် ဖြင့် သောက်သုံးရေသန့်ဖြန့်ဝေပေးနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။s