Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

တောင်ငူ စက်တင်ဘာ ၂၆

               ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့သည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၆)ရက် မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ပြန်လညထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည် သိုက်တို့သည် ရေကြီးနစ်မြှုပ်ခဲ့ တောင်ငူမြို့နယ်၊ နှစ်ဆောင်မြိုင်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့  အစီအစဉ်ဖြင့် သောက်သုံးရေတွင်းရေကန်များ ပြန်လည်သန့်စင်ရေမှုတ်ခြင်း၊ ကရိုရင်းဆေးခတ်ခြင်းစသည်တို့အား ကွင်းဆင်း ကြည့််ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသော သောက်သုံးရေ အမြန်ဆုံးရရှိနိုင်ရေးနှင့် ရေနစ်မြှုပ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများအား တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေး ရေမှုတ်စက်လိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် စစ်တောင်းမြစ်ရေ ရေကြီးရေလျှံခဲ့မှု ကြောင့်  တောင်ငူ- ထန်းတပင်းသွား လမ်းပေါ်ရှိ လမ်းမိုင်(၁/၀)မှ ထန်းတပင်မြို့အဝင် စစ်တောင်းတံတား အထိ ဆည်မြောင်းတာနှင့် ကားလမ်းများ ကျိုးပေါက်ပျက်စီးခဲ့မှုအပေါ်  လမ်းပန်းဆက်သွယ်ရေး ကြာရှည် ပြတ်တောက်မှုမရှိစေရေး ပြန်လည်ပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံထန်းတပင် မြို့မှ ပြည်သူများသွားလာခြင်းနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကထား အသုံးပြုနေသည့် လမ်းမကြီးဖြစ်၍ ယာယီအသုံးပြုနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကာလမ်းဘေးရှိ မိုးစပါးစိုက်ဧကများ ရေကြီး နစ်မြှုပ်ပျက်စီးခဲ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးသွားခဲ့ မိုးစပါးဧကများ ပြန်လည်ကုစား အစားထိုး စိုက်ပျိုးနိုင်ရေး ဆောင်းသီးနှံ မတ်ပဲတိုးချဲ့စိုက်ပျိုးရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ (၈)ရပ်ကွက်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြား ခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ (၁၈)ရပ်ကွက်၊ ချမ်းသာကြီးဘုရား၌ ယာယီရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ကလေးငယ်များ အတွက် အာဟာရမုန့်များ ပေးဝေခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

              ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနဟိတကာရီ ဗိမာန်တော်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးရန်၊ ထောက်ပံ့ပေးမည့် အိမ်ထောင်စုများအလိုက် စာရင်းဇယားဖြင့် စနစ်တကျ ထောက်ပံ့ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူခရိုင် ရေဘေးကွပ်ကဲမှုရုံးသို့ အလှူရှင်များ လာရောက်ဒါန်း ထားသည့် ဆန်၊ ဆီနှင့် အခြားစားသောက်ဖွယ်ရာ၊ လူသုံးကုန်ပစ္စည်းများ၊ စားဖိုဆောင်သုံးပစ္စည်းများ စနစ်တကျ စုဆောင်းထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုများသို့ အမြန်ဆုံးဖြန့်ဝေပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များအတွက် ထမင်းဟင်းများ ချက်ပြုတ်ပြင်ဆင်နေမှုအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။