Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင် ရွက်ပေး

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင် ရွက်ပေး

တောင်ငူ စက်တင်ဘာ ၂၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူ မြို့နယ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၌ ရေကြီးနစ်မြှုပ်ခဲ့၍ ပျက်စီးခဲ့သည့် မိုးစပါးဧကများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်သူများထိခိုက်ပျက်စီးခဲ့မှု မိုးစပါးဧကများအတွက် ဆောင်းသီးနှံ မတ်ပဲများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ပျိးနိုင်ရေးအတွက် စိုက်ပျိုးရေရှိရေး ချောင်းပိတ်/မြောင်းပိတ် လုပ်ငန်းများအပြင် အဝီစိတွင်းတူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်၍ မြေပြင်ကွင်းဆင်းဆောင် ရွက်သွားရန်နှင့် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ကန်ရိုးကျေးရွာမြေနိမ့်လွင်ပြင်၌ ရေဝပ် နေသဖြင့် စစ်တောင်းမြစ်အတွင်းသို့ အမြန်ဆုံးပြန်လည်ကျဆင်းစေရေး မြစ်ကြီးပေါက်ချောင်း ရေထွက် ပေါက်ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အဓိကစစ်တောင်းမြစ် ရေထွက်ပေါက်ဖြစ်သည့် ချောင်းဖြူချောင်း၊ နွယ်တန်းချောင်းနှင့် ဒိုးပတ်ချောင်းတို့အား ရေစီး ရေလာ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လိုအပ်ပြီး ချောင်းတစ်လျှောက် ရေကြောင်းပိတ်ဆို့နိုင်သည့် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။ ၎င်းနောက် တောင်ငူ-ဇီးဖြူပင်သွားကားလမ်း ရေကျော်နေမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေကျော်သည့်နေရာများတွင် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းစေရေး လမ်းညွှန်သတိပေး ဆိုင်းဘုတ်များနှင့် ရောင်ပြန်များတပ်ဆင်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ယာယီရေဘေးရှောင်ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ခဲ့သည့် တောင်ငူမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းအားဖြင့် ကျောင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကာ သန့်ရှင်းရေးပြုလုပ်နေသည့် တပ်ဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်၊ ကေတုမတီရှေးဟောင်းကျုံးနှင့် ထီးလှိုင်လမ်းကြားရှိ မြေနေရာတွင် အများပြည်သူစိတ်လက်အပန်းဖြေနိုင် စေရေး ပန်းခြံတည်ဆောက်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းကျုံးနှင့်မြို့ရိုး ထိခိုက်မှုမရှိဘဲ သန့်ရှင်းသပ်ရပ်လှပသည့် Landscaping Design ဖြင့် ပန်းခြံပုံစံရေးဆွဲတင်ပြရန်နှင့် မြိုရိုး၊ ကျုံးနှင့် အများပိုင်မြေနေရာများတွင် ကျူးကျော်များမရှိစရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။