Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူမြို့၌ အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့

တောင်ငူမြို့၌ အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့

တောင်ငူ ဒီဇင်ဘာ ၁

====================

          တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ပူးပေါင်း၍ MSMEs Talk Show စကားဝိုင်းနှင့် ဈေးရောင်းပြပွဲအား နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့၊ ခပေါင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ် ပေးသည့် MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်း အားဖြင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းအရေအတွက်မှာ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ (၉၉%) ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ၏ အလုပ်အကိုင်၊ အခွင့် အလမ်း၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်ပေးနေရခြင်းပင်ဖြစ်ကြောင်း၊ MSMEs ပြပွဲများနှင့် Talk Show စကားဝိုင်း ဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့ဒေသ၏ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှု ဓေလ့ထုံးစံများ ကိုလည်း ပြသနိုင်မှာဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် တိုင်းဒေသကြီး/ပြည်နယ်(၇)ခုနှင့် ချိတ်ဆက်လျက်ရှိကာ တည်ငြိမ်အေးချမ်း၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးအရ မဟာဗျူဟာကျသည့် အခြေခံကောင်းများ ပိုင်ဆိုင်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ကောင်းမွန်သော  ရေမြေသဘာဝကို အသုံးချပြီး ဒေသတွင်းလုပ်ငန်းများ အချင်းချင်း ချိတ်ဆက်ခြင်း၊ တီထွင်ဆန်းသစ်ခြင်း၊ အရည်အသွေးကောင်းမွန်သော အရသာနှင့် ခေတ်မီသောထုတ်ပိုးမှုစနစ်များဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်ငန်းများဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တက်ရောက်လာသည့် MSMEs လုပ်ငန်းရှင်များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခပေါင်းခန်းမ၌ ခင်းကျင်းပြသရောင်းချလျက်ရှိသည့် ထုတ်ပိုးမှုစက်ပစ္စည်းအမျိုးမျိုး၊ ဒေသ ထွက်ကုန်များဖြစ်သော စားသောက်ကုန်ပစ္စည်းများ၊ သစ်/ဝါးအခြေခံ လက်မှုပစ္စည်းများ၊ ယိုမျိုးစုံလုပ်ငန်း၊ ပြည်ပနိုင်ငံသို့ တင်ပို့နေသည့် ပေါင်းခံသီဟိုစေ့နှင့် ကော်ဖီမှုန့်ထုတ်ကုန်ပစ္စည်းများနှင့် သံဇကာ၊ အုတ်ဘလောက်တုံးပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် MSMEs လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် အခက်အခဲများ အား ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။