Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒိုက်ဦး၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ဒိုက်ဦး၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ဒိုက်ဦး အောက်တိုဘာ ၂၉

          ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောက်တိုဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။

          ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောင်ရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းမှာ ကျောင်းသား /ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်းများကို အခြေ ပြုပြီး နိုင်ငံ့အနာဂတ်စွမ်းအား အရင်းအမြစ်ပြုစု ပျိုးထောင်မှုများ အရှိန်အဟုန် မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက် များသို့ ဝင်/ထွက် သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာ အတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ် တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ် ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို မြို့နယ်(၁၄)ခုမှာ (၁၄) ကြိမ် ကျင်းပပေးသွားမှာဖြစ်ပြီး ယနေ့စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် (၁၀)ကြိမ်မြှောက် ကျင်းပပေး ခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှု ကော်မတီတို့ ပူးပေါင်း၍ ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများကို ကြိုးစား လေ့လာသင်ယူရင်း ဗဟုသုတရဖို့ စာပေများကို ဖတ်ရှု့လေ့လာကြစေလိုကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းများအတွက် သုတ/ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ် စာဖတ်ရှိန်မြှင့် တင်ရေး အခမ်းအနား၌ အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာကြီးများ ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် က စာအုပ်စာပေဝယ်ယူနိုင်ရေး အလှူငွေလှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးအပ်ခဲ့သည်။ ၎င်းနောက် အခြေခံပညာအထက်တန်းအဆင့် ပထမဆုရရှိသောပြိုင်ပွဲဝင် ကျောင်းသူတစ်ဦးနှင့် မူလတန်းအဆင့် ပထမဆုရရှိသူပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးတို့က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ကျပန်းစကားပြောနှင့် ပုံပြောသရုပ်ပြသခြင်းအား လည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်”သီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သီဆို၊ ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည် ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော သုတ/ရသ စာအုပ်အရောင်းဆိုင်များ၊ ဉာဏ်စမ်း ပြိုင်ပွဲများ၊ ဘက်စုံအားကစားပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ စက္ကူခေါက်ပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။