ပဲခူး ဒီဇင်ဘာ ၁၃

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယ ပညာဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ စုပေါင်းလမ်းလျှောက်ခဲ့ ကြပြီး ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁)နှင့် အတွဲ(၂)တို့အား ပြုလုပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာလွန်ဆွဲပြိုင်ပွဲ၊ အပျော်တမ်း ဘောလုံးဂိုးကျဉ်း သွင်းပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ခါးကွင်းလှည့်ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယပါတ်) အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲဖောက်ခြင်းနှင့် လွန်ဆွဲပြိုင်ပွဲအတွက် ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဒီဇင်ဘာအားကစားလ (ဒုတိယပါတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ ၁၅၀၀၀ ကျော် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲခဲ့ကြပြီး ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက ကောက်ညှင်းပေါင်း၊ အကြော်တို့ဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website