Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၁၆

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)အား ကျင်းပပြုလုပ် သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုဘဝများ မြင့်မားစေရေန်နှင့် သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်း စောင့်ရှောက်မှုတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေသော လုပ်ငန်းရပ်တစ်ခုဖြစ် ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုလျော့ပါးလာခြင်းနှင့်အတူ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်လျက်ရှိပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်နှင့် စီးပွားရေးဆိုင်ရာ လေကြောင်း လိုင်းများမှ နိုင်ငံတကာခရီးသည်များ စတင်ဝင်ရောက်လာပြီဖြစ်၍ ဝန်ဆောင်မှုပေးနေသော စားသောက်ဆိုင်များ၊ တည်ခိုရိပ်သာများ၊ ဟိုတယ်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အစီအမံများနှင့်အတူ ခရီးသွားဧည့်သည်များ စနစ်တကျ လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အတွင်း ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ဦးမော့လာနိုင်စေရေး ခရီးသွားလာမှု အလေ့အထများ လှုံ့ဆော် သည့် အစီအစဉ်များ ဖန်တီးပေးခြင်း၊ ကျင်းပမြဲဖြစ်သော ပွဲတော်များ၊ ပြပွဲပြိုင်ပွဲများကို အစဉ်အလာမပြတ် ပြန်လည်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ခရီးသွားများ သွားလာလေ့ရှိသည့် ခရီးစဉ်ဒေသအလိုက် လုံခြုံရေး၊ ရောဂါဖြစ်ပွားမှုနှင့် သဘာဝဘေးအန္တရာယ် စသည့် မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မသန်စွမ်း သူများ ခရီးသွားလာရာတွင် အဟန့်အတားမဲ့ သွားလာနိုင်ရေး ဟိုတယ်၊ မိုတယ်၊ ဘုရား၊ စေတီ၊ ပုထိုးများနှင့် စားသောက်ဆိုင်များတွင် ပြင်ဆင်ရန်ရှိသည်များ ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ခရီးစဉ်နယ်မြေသစ်များ ထပ်မံဖော်ထုတ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ဟိုတယ်လုပ်ငန်းအသစ် လျှောက်ထားခြင်း၊ ဟိုတယ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးခြင်းများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များက ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မသန်စွမ်းခရီးသွားများအတွက် အဟန့်အတားမဲ့ ခရီးသွား ဝန်းကျင် ဖန်တီးပေးရေး၊ ခရီးသွားကဏ္ဍ၌ မသန်စွမ်းသူများအား အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး စီစဉ် ဆောင်ရွက်သွားရမည့် အစီအမံများနှင့် တည်းခိုရိပ်သာ၊ ဟိုတယ်/မိုတယ်များ၌ အချိန်ပိုင်း(သို့မဟုတ်) ညအိပ်တည်းခို နေထိုင်သူများ၏ မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များ စနစ်တကျ မှတ်တမ်းတင်ထားရှိ နိုင်ရေးတို့ကို အသီးသီးအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။