Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ အသား/ငါး/ဥ ဈေးနှုန်းသက်သာစွာ နေ့စဉ် ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက် အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေး

ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ အသား/ငါး/ဥ ဈေးနှုန်းသက်သာစွာ နေ့စဉ် ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက် အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ အသား/ငါး/ ဥ ဈေးနှုန်းသက်သာစွာ နေ့စဉ်ဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက် အရောင်းဆိုင်များဖွင့်လှစ်ရောင်းချနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချနေ မှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဈေးဝယ်သူများ၊ ဈေးရောင်းချနေသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားခဲ့သည်

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးအမည်စုံလင်စွာနှင့် ဈေးနှုန်း ချိုသာစွာဖြင့်ရောင်းချနိုင်ရေး၊ စည်းကမ်းတကျ ကုန်ပစ္စည်းများတင်ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိကအခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဥ၊ အသား၊ ငါး ပြတ်လပ်မှုမရှိစေရေး ရောင်းချ ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့တွင် ၂၀၂၃  ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှစ၍ နေ့စဉ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့မဈေးကြီးနှင့် ဇိုင်းဂနိုင်း မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် ဘေလီတံတား သံကူကွန်ကရစ် တည်ဆောက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ တံတားချဉ်းကပ်လမ်းများ ကောင်းမွန်မှုရှိစေရေးနှင့်မြေထိန်းနံရံများအား ရေတိုက်စားမှုကာကွယ်ရေးစနစ်များ ထည့်သွင်းဆောင်ရွက် ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ဗဟိုသားငါးကုန်စိမ်းဈေးသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်စိမ်းဒိုင်များ ဝယ်ရင်းဈေးနှင့် လက်လီပြန်လည်ရောင်းချသည့် ဈေးနှုန်းများ နေ့စဉ်မပြတ်သိရှိထားရန်၊ နေ့စဉ်အမှိုက်သိမ်းဆည်းခြင်းအား စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်တင်ဘာလ(၈)ရက်နေ့၊ ညနေပိုင်းက မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးခခဲ့သည့် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဂူလေးဘုရားအား ဘက်စုံပြုပြင်မွန်းမံနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုရားဝန်းအတွင်း ဒေသထွက်ဈေးဆိုင်ခန်းများ စနစ်တကျရောင်းချနိုင်ရေး၊ ကျူးကျော်နေထိုင်မှုမရှိစေရေး တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဟံသာဝတီရှေးဟောင်းမြို့ရိုး၊ သိန္နီတံခါးပေါက်သို့ ရောက်ရှိခဲ့ပြီး ကျုံးအတွင်း ကြာပန်းများထည့်သွင်းရန်၊ ကျုံးပတ်လမ်းနှင့် ပန်းခြံ အတွင်း အမှိုက်ပုံးများထားရှိရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဟောင်းမူရင်း ပုံစံများ မပျက်စီးစေရေး အထူးသတိထား ဆောင်ရွက်သွားရန်နှင့် ကျုံးနှင့် မြို့ရိုးကြားပန်းခြံအား အစဉ် သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြေစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကာ ကျုံးပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။