Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၇

==================

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ကပ်ရောဂါကြောင့် တစ်နှစ်တာကာလ စီးပွားရေးနှောင့်နှေးမှုကို ပြန်လည်ကုစားနိုင်ရေး အရှိန်အဟုန် ဖြင့်ဆောင်ရွက်ရာတွင် ဒေသတွင်းလုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ လက်ရှိ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခင်တည်ဆောက်ရေးလုပ်ငန်းများ၊ တည်ဆောက်ဆဲလုပ်ငန်းများကိုလည်း စည်းကမ်း၊ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွေဖည်မှုမရှိစေဘဲ စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ကိုင်ခွင့်ရှိကြောင်း၊ ဒီမိုကရေစီ လူ့အခွင့်အရေးကို အကြောင်းအမျိုးမျိုးပြကာ သဘောထား မတူသူများအား အုပ်စုဖွဲ့ အတင်းအကြပ်ပြုခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်း ကျူးလွန်မှုများ ပြုလုပ်နေသူများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားနိုင်ရေး တိုင်ကြား ရမည့် တယ်လီဖုန်းနံပါတ်နှင့် Email လိပ်စာများကိုလည်း အသိပေးထားပြီးဖြစ်ကြောင်းနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေး တစ်ပြိုင်တည်း ဖြည့်ဆည်းဆောင်ရွက်ပေး ရန်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ပဲခူးမြို့ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များ၊ ပဲခူးမြို့ ဒေသခံလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။