Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးနှင့် နွေစပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးနှင့် နွေစပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၉
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဦးစွာ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ လုံခြုံရေးဂရုပြု ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြရန်၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာအား သီးညှပ်စိုက်ပျိုးသွားရန် စီမံချက်ချ ဆောင်ရွက်လျက်ရှိရာ ဖြစ်ထွန်းအောင်မြင်မှု ရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ မြေပြင်ကွင်းဆင်း စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်စေရေး၊ စိုက်ဧက တိုးတက်စေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေ အခက်အခဲရှိပါက ခရိုင်အလိုက် Mobile Solar Pump စက်များ ထောက်ပံ့ပေးထားပြီးဖြစ်၍ အကျိုးရှိရှိသုံးစွဲကြရန် လိုအပ်ကြောင်း၊ သဘာဝဓါတ်မြေဩဇာအဖြစ် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူလယ်သမားများအား အသိပညာပေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခွန်(၄)မျိုး ကောက်ခံရရှိမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း ဆိုင်ရာကိစ္စရပ်များ၊ ပန်းခင်း စီမံချက်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအပေါ် ဖြည့်စွက်အကြံပြု ပြောကြားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းပြန်လည်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ကြရန်၊ မြို့ဝင်/ထွက် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးတည် အုပ်စုများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ လျာထားချက်ပြည့်မီအောင် ကောက်ခံသွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်သွားရန်နှင့် ပန်းခင်းစီမံချက်အား သတ်မှတ်ကာလ မတိုင်မီ အချိန်မီ ပြီးစီးရေး ကြိုးစားဆောင်ရွက် သွားကြရန် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။