Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း Public Area များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း Public Area များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၂၅

====================

          မြို့ကြီးများတွင် ပြည်သူများ ကျန်းမာကြံ့ခိုင်ရန်နှင့် စိတ်အပန်းဖြေရန် အများပြည်သူ လမ်းလျှောက်နိုင်ရန်အတွက် Public Area များ ဖန်တီးပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ပေါ် ဆောင်ရွက်နေသည့် ပဲခူးမြို့အတွင်း ဆောင်ရွက်ထားရှိမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက အောက်တိုဘာလ(၂၅)ရက်နေ့၊ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ ရန်ကင်းသာ ပန်းခြံအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခေတ်မီကလေးကစားကွင်းနှင့် အပန်းဖြေပန်းခြံအဖြစ် ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပန်းခြံအတွင်း တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ အနားယူချင်စရာနေရာတစ်ခုအဖြစ် ဖန်တီးရာတွင် နိုင်ငံတကာ ၏ Landscaping Design အပြင် ဟံသာဝတီရှေးဟောင်းကျုံးနှင့်လည်း လိုက်ဖက်ညီအောင် ဖန်တီးသွားရ မှာဖြစ်ပြီး ပန်းအလှပင်များ ရာသီအလိုက် ရောင်စုံဖူးပွင့်နိုင်ရေး ထည့်သွင်းဖန်တီးသွားရမှာဖြစ်ကြောင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် လိပ်ပြာကန် ပြန်လည်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အများ ပြည်သူ အပန်းဖြေခြင်း၊ ကန်ပတ်လမ်းလျှောက်ခြင်းများ ဆောင်ရွက်မည့်နေရာဖြစ်၍ သတ်မှတ်ထားသည့် လမ်းဒီဇိုင်းများအတိုင်း ဆောင်ရွက်ရန်၊ အလှပန်းပင်များ၊ အရိပ်ရအပင်များကို ခေတ်မီသောအမြင်ဖြင့် ထည့်သွင်းစိုက်ပျိုးသွားရန်၊ လိပ်ပြာကန် အစဉ်သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်သွားရန်နှင့် ထပ်မံတိုးချဲ့ မည့် လိပ်ပြာကန်ဘေး ကျန်ရှိသည့်အပိုင်းအား ဒီဇိုင်းပုံစံ တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အဝင် ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်းထောင့်ရှိ ဘုရင့်နောင်ရင်ပြင် တည်ဆောက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ သတ်မှတ်ဒီဇိုင်းအတိုင်း အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်နေမှုအား တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့သည် ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်မင်းတရားကြီးဖြစ်၍ ဘုရင့်နောင်ရင်ပြင်အား ပဲခူးမြို့၏ပြယုခ်တစ်ခုအဖြစ် တည်ဆောက် ပေးရခြင်းဖြစ်ပြီး ခန့်ညားထည်ဝါစွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများအနေဖြင့်လည်း ပဲခူးမြို့အဝင်ရောက်သည်နှင့် ဘုရင့်နောင် ရင်ပြင်နှင့် ကမ္ဘောဇသာဒီနန်းတော် တစ်ခါတည်းတွဲဖက်သိမြင်စေမှာဖြစ်ကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားခဲ့သည့် ပဲခူးဒေသအား အနာဂတ်လူငယ်များ တန်ဖိုးထားလေးစားတတ်စေရန် ရည်ရွယ်ခြင်းဖြစ်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် သနပ်ပင်လမ်းတို့တွင် လမ်းလယ်အလှပန်းခုံများ၊ စတီးလက်ရမ်းများနှင့် လမ်းလယ်မီးတိုင်များ တပ်ဆင် ပြီးစီးမှုနှင့် ထပ်မံတပ်ဆင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ယခင်တပ်ဆင်ခဲ့သည့် လမ်းမီးများအား ရပ်ကွက်လမ်းမီးအဖြစ် ပြောင်းရွှေ့သုံးစွဲရန်၊ မြို့တွင်းလမ်းဖြတ်များ လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် ကားလမ်း နှင့် ပလက်ဖောင်းကြား ရေဝပ်မှုမရှိစေရေး ရေထွက်ပေါက်များ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။