Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၇

==============

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့အခမ်းအနား တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ် ချီးမြှင့်ခံရသူများ၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးကဏ္ဍတွင် ပြည်ထောင်စု အဆင့် ဆုရရှိသူများကို ထပ်ဆင့်ဂုဏ်ပြုခြင်းဖြစ်သလို တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေအရ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားဖြစ်၍ ထူးခြားလေးနက်သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာ  ကဏ္ဍအလိုက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့၍ ဂုဏ်ပြုခံရ သူများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူး ဆောင်ဘွဲ့ရရှိသည့် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ဒုတိယအဆင့်)နှင့် စီမံထူးချွန်(တတိယအဆင့်)၊ ရဲသူရဘွဲ့၊ ရဲဗလဘွဲ့၊ ရဲကျော်သူဘွဲ့ရရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆုရရှိသူများ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကဏ္ဍတွင် ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့သူများ၊ အားကစားထူးချွန်ဆုနှင့် စီမံထူးချွန်ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ပဲခူးတို်ငးဒေသကြီးအတွင်း နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ရသူ(၁)ဦး၊ စီမံထူးချွန်(၂)ဦး၊ ရဲသူရဘွဲ့ရသူ(၁)ဦး၊ ရဲဗလဘွဲ့ရသူ(၃၇)ဦး၊ ရဲကျော်သူဘွဲ့ရသူ(၂)ဦး၊ စိုက်ပျိုးရေး ကဏ္ဍတွင်(၃)ဦးနှင့်မွေးမြူရေးကဏ္ဍတွင်(၂)ဦး စုစုပေါင်း(၄၈)ဦးရရှိခဲ့ပြီး တိုင်းဒေသကြီးအဆင့်တွင် လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူ(၁၁)ဦး၊ အားကစားကဏ္ဍ ထူးချွန်ဆု(၁)ဦးနှင့် စီမံရေးရာထူးချွန်ဆု(၃)ဦး စုစုပေါင်း(၁၅)ဦးဖြစ်ကြောင်း သတင်းရရှိသည်။