Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် သနပ်ပင်မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် သနပ်ပင်မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

သနပ်ပင် ဒီဇင်ဘာ ၁၆

==============

          သနပ်ပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၆) ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သနပ်ပင်မြို့နယ်အတွင်း ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်အတွင်း လူဦးရေအားလုံး၏ (၇၀)ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူလူထုများဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား အသက်မွေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း၊ ဒေသအတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ကျဆင်းခဲ့ရသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်မှ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ တောင်သူ လယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအပေါ်  စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိရှိအသုံးချပြီး သီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ပါက ရေရှည်လုပ်ငန်း လည်ပတ်နိုင်ပြီး တောင်သူများ အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှ နွေစပါးစိုက် တောင်သူများအတွက် စိုက်ပျိုးရေရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးတို့က သနပ်ပင်မြို့နယ်အတွင်း ပဲတီစိမ်းစိုက်တောင်သူများအား ငွေကျပ်(၁၂၀၀၀၀)တန်ဖိုးရှိ တောင်သူစိတ်ကြိုက် ရွက်ဖျန်းအားဆေး၊ မှိုသတ်ဆေးနှင့် ကွန်ပေါင်းမြေဩဇာနှင့် အခြားသွင်းအားစုများအား ထောက်ပံ့ပေးခဲ့ရာ၊ ဒေသခံတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          သနပ်ပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၄၃)အုပ်စုရှိ တောင်သူပေါင်း(၅၈၄၂)ဦး၏ ပဲတီစိမ်း စိုက်ဧက (၅၀၂၇၄)ဧကအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်း လျက်ရှိသော ဆင်းသုခမျိုး နွေစပါးဘောင်စနစ်ဖြင့် ဧက(၈၀)စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အခြားတောင်သူများကိုလည်း စိုက်နည်းစနစ်များ အသိပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူး-သနပ်ပင်-ခရမ်း- သန်လျင်လမ်းအား ထပ်မံ၍(၂၄)ပေအကျယ် တိုးချဲ့ဆောင်ရွက်နေမှုနှင့် ပဲခူးမြို့၊ ဘုရားဈေး ပျံကျဈေးရုံ အမှတ်(၁)နှင့် ဈေးရုံအမှတ်(၂) အသစ်တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။