Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နွားနို့ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နို့ဆီ၊ နို့စိမ်း၊ ဒိန်ချဉ်၊ မလိုင်လုံးထုတ်လုပ်နိုင်ရေး တိုက်တွန်း ပြောကြား

နွားနို့ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နို့ဆီ၊ နို့စိမ်း၊ ဒိန်ချဉ်၊ မလိုင်လုံးထုတ်လုပ်နိုင်ရေး တိုက်တွန်း ပြောကြား

ပဲခူး ဖေဖော်ဝါရီ ၆

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘိုကုန်းရပ်ကွက်ရှိ ဦးဇော်မင်းလွင်၏ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိခဲ့ရာ၊ မွေးမြူရေးခြံတာဝန်ခံမှ နို့စားနွားစတင်မွေးမြူမှုနှင့် နွားစာအတွက် နေဗီယာမြက်နှင့် ပါရာမြက်(ရေမြုပ်ခံ)စိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် နွားနို့ထွက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နို့စားနွားမှ ထွက်ရှိလာသည့် နွားနို့ကုန်ကြမ်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နို့ဆီ၊ နို့စိမ်း၊ ဒိန်ချဉ်၊ မလိုင်လုံးထုတ်လုပ်နိုင်ရေး နည်းပညာပေးရန်၊ တိရစ္ဆာန်ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ဆောင်ရွက်ရန်၊ နွားမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်ရန်နှင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသားစား နွားများ ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ ဦးဇော်မင်းလွင်၏ နို့စားနွားမွေးမြူရေးခြံသည် မြေဧရိယာ(၂၀)ဧကခန့် ကျယ်ဝန်းပြီး မျိုးနွားခြံ၊ နို့စားနွားခြံ၊ သားပေါက်ခြံ၊ သားပေါက်ထိန်းသိမ်းရေးခြံတို့ဖြင့် နွားကောင်ရေ(၂၂၃)ကောင်အား ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူထားရှိပြီး နေ့စဉ်နွားနို့ပိဿာချိန်(၅၀၀)ကျော် ထွက်ရှိပြီး၊ တိရစ္ဆာန် အစာအဖြစ် နေဗီယာနှင့် ပါရာမြက်(ရေမြုပ်ခံ) (၁၇)ဧကစိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ သနပ်ပင်လမ်းမကြီး၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၄၂.၈၇၃)သန်း (ဆံတော်တွင်းလမ်းမှ ဟင်္သာကုန်းမြို့ပတ်လမ်းအထိ) လမ်းလယ်ပန်းခုံ အရှည်(၂၁၀၉)ပေနှင့် လမ်းမီးတိုင်များ တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့တွင်းဝင်/ထွက်လမ်းများ ပိတ်ဆို့မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၉၁.၄၅)သန်း ပဲခူးမြို့၏ ရှေးဟောင်းသမိုင်းဝင်လိပ်ပြာကန် (ခရစ်ယာန်ကျောင်းဘက်ခြမ်း) အဆင့်မြှင့်တင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၄၁.၂၅)သန်းဖြင့် ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း၊ တောင်ဘက်မြို့ရိုး၊ မိုးကောင်းတံခါး ဝဲ/ယာ ကျုံး ပြန်လည်ဖော်ထုတ်ခြင်းနှင့် မြို့ရိုးပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပဲခူး မြို့နယ်၊ မုန်တိုင်းကျေးရွာ၌ ဆောင်းနေကြာသီးသန့် (၁၀၀)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကာ ရာသီအလိုက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများအား မြေလပ်မရှိစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူ များအား လမ်ညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။