ပဲခူး မတ် ၂၁

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် CRRC Myanmar Co.,Ltd.မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော် တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စကား ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းကတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ ဘောနတ်ကြီးလမ်းဆုံ ရန်ကုန် – မန္တလေး အမြန် လမ်းမကြီး ၃၉ မိုင် ယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းဖေက နိုင်ငံအတွင်း လျှပ်စစ်မော်တော်ယာဉ် ပိုမိုသုံးစွဲလာနိုင်သည်နှင့်အမျှ ရုပ်ကြွင်းလောင်စာဆီ တင်သွင်းမှု လျော့ချသုံးစွဲနိုင်ပြီး နိုင်ငံတော်အတွက် ကြီးမားသည့်အကျိုးကျေးဇူးဖြစ်၍ လျှပ်စစ်ကားပြေးဆွဲမှု ပိုမို တွင်ကျယ်အောင် ဝိုင်းဝန်ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် CRRC Myanmar Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်အေးမွန်ခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စကား ဓာတ်အားဖြည့်သွင်းရုံကို ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ လုံခြံုရေးနှင့် နယ်စစ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး၊ CRRC Myanmar Co.,Ltd.မှ ဦးတင်ကြိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လျှပ်စစ်သုံးယာဉ် များအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) အတွင်း ကြည့်ရှုလေ့လာကြပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။
ရန်ကုန်-မန္တလေးအမြန်လမိး၊ ၃၉ မိုင် ယာဉ်ရပ်နားဝန်း၌ CRRC Myanmar Co.,Ltd.မှ ဖွင့်လှစ်ခဲ့သည့် (EV Charging Station) တွင် တစ်ပြိုင်တည်း လျှပ်စစ်မော်တော်ယာဉ် (၁၀)စီးနှင့် လျှပ်စစ် ဘတ်စကား(၆)စီး ဓာတ်အားဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website