ပဲခူး အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ အားကစားဥယျာဉ်၌ အမျိုးသား/အမျိုးသမီးဖူဆယ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အောက်တိုဘာလအတွင်း ရန်ကုန်မြို့၌ ကြီးမှူးကျင်းပခဲ့သည့် အသက်(၁၉)နှစ်အောက် Royal D Cup ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ပထမဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)အား ထောက်ပံ့ ပေးအပ်ခဲ့သည်။ ၎င်းနောက် မြန်မာ့သိုင်း၊ ဗိုဗီနမ်နှင့် လက်ဝှေ့အားကစားနည်းအလိုက် စခန်းသွင်း လေ့ကျင့်နေမှုလည်းကောင်း၊ ပဲခူးတက္ကသိုလ်၌ အမျိုးသား/အမျိုးသမီး ဘောလီဘောအားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမား များအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် အားကစားသမားများ နေထိုင်စားသောက်ရေး ကောင်းမွန်မှုရှိစေရန်၊ ကျန်းမာရေးအဖွဲ့ များ ထားရှိပေးရန်နှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိသုံးစွဲနိုင်ရေး စီစဉ်ပေး ရန်နှင့် အားကစားနည်းအလိုက် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား တစ်ပါတည်းရှင်းလင်းသင်ကြား ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။