Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပန်းတောင်း ဇွန် ၁၈
=================

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါတရားရုံး အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ခဲ့သည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ်အား ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တရားရုံးအဆောက် အဦသစ် ကမ္ဗည်းမော်ကွန်းကျောက်စာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တရားရုံးအဆောက်အဦသစ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အဖွင့်အမှာစကား အမှာစကားပြောကြားခဲ့ပြီး ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် တာဝန်ယူတည်ဆောက်သည့် Royal Prome Co.,Ltd ၏ တာဝန်ရှိသူတစ်ဦးက ရုံးအဆောက်အဦသစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ တရားရုံးအဆောက်အဦသစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများအား Royal Prome Co.,Ltd ၏မန်နေး ဂျင်းဒါရိုက်တာမှ တိုင်းဒေသကြီး တရားရေးဦးစီးမှူးထံသို့ လွှဲပြောင်းပေးအပ်ပြီး ပန်းတောင်းမြို့နယ် တရားသူကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ်တွင် တရားခွင်(၅)ခွင်၊ အသံဆက်သွယ်ရေး စနစ်၊ လုံခြုံရေးစနစ်များပါရှိ သည့်အပြင် ခေတ်မီအစည်းအဝေးခန်း၊ သက်သေနားနေခန်း၊ ရှေ့နေနားနေ ခန်း၊ စာကြည့်တိုက်၊ သက်သေခံပစ္စည်းများထားသိုရန် လုံခြုံသော ဘိလစ်ခန်း၊ အချုပ်တရားခံများ အဆင်ပြေစွာထားရှိနိုင်မည့် အချုပ်ခန်း၊ မီဒီယာခန်း၊ လုံခြုံရေးဂိတ်၊ ကားပါကင်၊ ရေ၊ မီး၊ သန့်စင်ခန်း စသည်တို့ကိုလည်း တရားရုံးအင်္ဂါရပ်နှင့်အညီ ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥပဒေရုံး အဆောက်အဦ သွားရောက်ကြည့်ရှုခဲ့ပြီး ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့အတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များမှ လမ်းဘေးဝဲ/ယာ သန့်ရှင်းရေးပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး လမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေး၊ လျှပ်စစ်မီးတို်ငများ ရွေ့ပြောင်း စိုက်ထူသွားရန်နှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျထားရှိရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။