Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပူပြင်းခြောက်သွေ့သည့် ရာသီဥတုရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မြို့/ရွာ သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မြို့/ရွာ သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဧပြီ ၂၉

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစည်းအဝေး (၃/၂၀၂၂)အား ဧပြီလ(၂၈) ရက်နေ့၊ နံနက်ပိုင်းက Zoom Meeting  System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ် သည့်အတွက် မီးဘေးအန္တရာယ်၊ လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်မီးအန္တရာယ်စသည်တို့ကို အထူးဂရုပြုရမည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ ရုံးတွင်း/ရုံးပြင်၊ မြို့တွင်း/ မြို့ပြင်၊ ကျေးရွာတွင်း/ ကျေးရွာပြင် စနစ်တကျ အမှိုက်စွန့်ပစ်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းထားရန်နှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရေရှားပါးသည့် ကျေးရွာဒေသ များ၌ ရေချိုထိန်း သောက်သုံးရေကန်များ ပြန်လည်တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်၍ စုစည်းတင်ပြပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ကြွေးကျန်များ အပြေအကြေ ကောက်ခံရရှိရေး ဌာန ဆိုင်ရာများမှ အရှိန်အဟုန်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုအလိုက် ဧပြီလအကုန် အပြည့်အဝ ထိုးနှံပေးသွားရန်နှင့် ဌာနဆိုင်ရာအလိုက် တင်ဒါလုပ်ငန်းများအား အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် (၁)မြို့နယ် တစ်လလျှင်(၁၀)ရွာနှုန်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆောင်ရွက်ရာတွင် ထိထိရောက်ရောက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်၊ တင်ဒါလုပ်ငန်းများအား ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ကြရန်၊ လတ်တလော အဖြစ်များနေသည့် တရားဥပဒေပုဒ်မများ၏ သိမှတ်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများအား အကြံပြု တင်ပြခဲ့ကြ သည်။

          ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဌာနအလိုက် ရုံးလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်ဒါ ခေါ်ယူနေမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။